ကျောက်ကြီး ဇူလိုင် ၁၇
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက်ပိုင်းမှ စတင်ပြီး မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများမှ ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ရှိမှုကို ထိန်းချုပ်နိုင်ရန်အတွက် ထုတ်ပြန်ထားသည့် စည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်အတွင်း ဇွန်လ ၂၆ ရက်နေ့မှ ဇူလိုင် ၁၅ ရက်နေ့အထိ စုစုပေါင်း ပိုးတွေ့လူနာ (၂၂၃)ဦး၊ (၃၉.၆၆%)တွေ့ရှိကာ ပဲခူးတိုင်းဒေသကြီး တစ်ခုလုံးအနေဖြင့် (၄၂.၆၃%) တွေ့ရှိခဲ့သဖြင့် ရောဂါပိုးတွေ့ရှိမှုကို ထိန်းချုပ်နိုင်ရန်အတွက် အစိုးရရုံးပိတ်ရက် သတ်မှတ်ထား သည့် ဇူလိုင်လ ၁၇ ရက် မှ ဇူလိုင်လ ၂၅ ရက်နေ့အထိ ရပ်ကွက်/ကျေးရွာအလိုက် မိမိအိမ် တွင်သာ နေထိုင်သွားကြရန်၊ အရေးပေါ်ကိစ္စနှင့် ခွင့်ပြုထားသော ကိစ္စရပ်များမှတစ်ပါး မလိုအပ် ဘဲ ပြင်ပသို့ထွက်ခွာခြင်း မပြုရန်၊ ပြင်ပထွက်ခွာက Mask၊ Face Shield နှစ်မျိုးလုံး တပ်ဆင် သွားလာရန်၊ တစ်မြို့နယ်မှ တစ်မြို့နယ်၊ တစ်ရပ်ကွက်မှ တစ်ရပ်ကွက်၊ တစ်ရွာမှတစ်ရွာသို့ အကြောင်းမဲ့ကူးသန်းသွားလာခြင်း လုံးဝမပြုရန်၊ မြို့၊ ရွာ၊ ရပ်ကွက်အလိုက် ပြင်ပမှသူများ ဝင်ထွက်သွားလာခြင်း လုံးဝလက်ခံခြင်းမပြုရန်၊ အခြေခံစားသောက်ကုန်ပစ္စည်း၊ ဆေးဆိုင်မှ အပ ဖွင့်လှစ်ရောင်းချခြင်း မပြုရန်၊ မည်သည့်ယာဉ်လိုင်းမှ ထွက်ခွာခြင်းမပြုရန် စသည် စည်းကမ်းချက်များချမှတ်ထားရှိပြီး လိုက်နာဆောင်ရွက်ခြင်းမပြုပါက တည်ဆဲဥပဒေများနှင့် အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပြည်သူများမှလည်း ထုတ်ပြန် ထားသော စည်းကမ်းချက်များနှင့်အညီ Stay Home နေထိုင်၍ လိုက်နာဆောင်ရွက်လျက် ရှိကြောင်း မြို့နယ် COVID - 19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရှိရသည်။