စစ်တွေ ဇူလိုင် ၁၇
ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကုသရေးအတွက် အောက်ဆီဂျင် လိုအပ်ချက်အတွက် ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် အောက်ဆီဂျင် ပြတ်လပ်မှု မရှိစေရေးအတွက် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း အသိပညာပေး ရေးနှင့် သတင်းစုဆောင်းထုတ်ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်(၃) ဦးသန်းထွန်းက ပြောကြားသည်။
ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ဦးသန်းထွန်းက “ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉ ရောဂါကုသရေးအတွက် အောက်ဆီဂျင် လိုအပ်ချက်အတွက် ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီက ၁၇ မြို့နယ်စလုံးကို အောက်ဆီဂျင် မပြတ်လပ်စေရေးအတွက် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်နေပါတယ်၊ အဓိက စစ်တွေမြို့ပေါ်မှာ ဆိုရင်တော့ အောက်ဆီဂျင်ဗူးအနေအထားအတိုင်း လုံလောက်မှုရှိပါတယ်၊ ဒါဘယ်မဲ့ ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ မောင်တော၊ ကျောက်တော်၊ တောင်ကုတ်နဲ့ သံတွဲမြို့နယ်တွေက အောက်ဆီဂျင် အခက်အခဲတွေ အနည်းအကျင့်ရှိပါတယ်၊ အဲ့ဒီအောက်ဆီဂျင် အခက်အခဲတွေကို ပြေလည်စေဖို့အတွက် ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး တို့နဲ့ညှိနှိုင်းပြီးတော့ အောက်ဆီဂျင် ရရှိရေးကို ဆောင်ရွက်လျက်ရှိပါတယ်။ အဲ့ဒီအခက်အခဲရှိတဲ့ မြို့နယ်တွေအတွက်လည်း အောက်ဆီဂျင်လိုအပ်ချက်ကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့နဲ့ ပူးပေါင်းပြီးတော့ လိုအပ်တဲ့နေရာတွေကို အချိန်မှီရောက်ရှိနိုင်ရေးအတွက် ဆောင်ရွက်နေပါတယ်” ဟု ပြောကြားသည်။
ထို့အပြင် အသိပညာပေးရေးနှင့် သတင်းစုဆောင်းထုတ်ပြန်ရေး ကော်မတီအနေဖြင့်လည်း သတင်း ထုတ်ပြန်ချက်များနှင့် ပတ်သက်ပြီး အသွားအလာကန့်သတ်ခြင်း ဆောင်ရွက်ရမည့် နေရာအားလုံးတွင် ပြည်သူများလိုက်နာရမည့် စည်းကမ်းများကို ရပ်ကွက်၊ ကျေးရွာများမှာ ပိုစတာများ၊ ဗီနှိုင်းများကပ်ပြီး ကြေညာထားလျက်ရှိသည်။ အလားတူ အသိပညာပေးသည့်လုပ်ငန်း ဖြစ်သော မြို့တွင်းလှည့်လည်ပြီး အသံချဲ့စက်များဖြင့်ကြေညာပေးနေသကဲ့သို့ သွားလာရေး၊ လုံခြုံရေး၊ ကျန်းမာရေးဆိုင်ရာများကိုလည်း ကြေညာပေးလျက်ရှိကာ ရောဂါပိုးကူးစက်မှုကို လျော့ချနိုင်မည့် ဆောင်ရန်ရှောင်ရန် နည်းလမ်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်ထုတ်ပြန် ညွှန်ကြားချက်များအတိုင်း ရပ်ကွက် ပြည်သူအားလုံး တိကျစွာ လိုက်နာဆောင်ရွက်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း ကိုလည်း ဆောင်ရွက်လျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ ဦးသန်းထွန်းက “တိုက်ပွဲရှောင်များ နေရပ် ပြန်လည်ပို့ဆောင်ရေးကော်မတီဥက္ကဋ္ဌ၊ တစ်ဦးအနေနဲ့ တိုက်ပွဲရှောင်စခန်းတွေမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ လက်ဆေးဖို့အတွက် ကာပိုလိုက် ဆပ်ပြာခဲတွေ၊ လက်သန့်ဆေးရေတွေနဲ့ ပါးစပ်နှင့်နှာခေါင်းစည်း(Mask)တွေကို တိုက်ပွဲရှောင်စခန်း တွေကို ဖြန့်ဝေပေးဖို့လည်း လုပ်ဆောင်နေပါတယ်၊ နောက်တစ်ခါ လူတစ်ယောက်ချင်းစီအတွက် ကိုဗစ်-၁၉ ရောဂါမပြန့်ပွားရေး၊ မကူးစက်နိုင်ရေးအတွက် လူတစ်ယောက်ချင်းစီမှာ အခြေခံအကျဆုံး လိုက်နာဆောင်ရွက်ရမဲ့၊ နေထိုင်ရမဲ့ဟာတွေကို လိုက်နာဖို့အတွက် ကျွန်တော်တို့ အသိပညာပေးရေး လုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိပါတယ် အဲ့ဒါတွေကတော့ အတတ်နိုင်ဆုံး အိမတွင်းမှာဘဲနေကြပါ၊ မဖြစ်မနေအပြင်ကိုသွားရမယ်ဆိုရင်လည်း (Mask) တတ်ပြီးမှ သွားကြပါ၊ အတတ်နိုင်ဆုံးလူစုလူဝေးကို ရှောင်ပါ၊ အရာဝတ္ထုတစ်ခုခုကို ကိုင်ပြီးတိုင်း စက္ကန့် ၂၀ ခန့်လက်ဆေးပါ၊ ကိုဗစ်-၁၉ ကိုကာကွယ်ဖို့အတွက် ကိုယ်ခံအားကောင်းအောင် စားသောက်နေထိုင်ကြပါဆိုတဲ့အချက် (၅) ချက်ကို လိုက်နာကြဖို့ ကျွန်တော်တို့ ဆိုဩပေးလျက်ရှိပါတယ်” ဟု ပြောကြားသည်။
စစ်တွေမြို့ပေါ်တွင် ယခုထိ အသွားအလာကန့်သတ်စောင့်ကြည့်သည့်နေရာ Quarantine Center ဖွင့်လှစ်ရန် မလိုအပ်သေးကြောင်း၊ သို့သော်လည်း ကိုဗစ်-၁၉ ရောဂါကူးစက်သည့် လူပိုမိုများလာခြင်း၊ တခြားသို့ နေအိမ်တွင်နေထိုင်ရေး (Stay at Home) နေရာများမှ စစ်တွေမြို့သို့ ရောက်ရှိလာကြမည် ဆိုလျှင် Quarantine Center များတွင်ထားရန် Quarantine Center များစီစဉ်ထားပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ထားသည့် Quarantine Center များမှာ စစ်တွေတက္ကသိုလ် အဟောင်းနေရာ၊ ခိုင်သဇင် ပန်းခြံခန်းမ၊ လောကာနန္ဒာစေတီတော်အတွင်းက သာသနာ့ဗိမာန်တော်၊ ရေချမ်းပြင်ကျေးရွာအနီးတွင် ရှိသည့် အားကစားနှင့်ကာယသိပ္ပံကျောင်းနှင့် ပြည်နယ်လွှတ်တော်အဆောက်အဦများတွင် အရန် အသင့်စီစဉ်ထားပါကြောင်း၊ လက်ရှိတွင် စစ်တွေတက္ကသိုလ် အဟောင်းနှင့် ခိုင်သဇင်ပန်းခြံ ခန်းမကို အရန်အသင့် လူဦးရေ ၁၂၀ အတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဦးသန်းထွန်းက ပြောကြား သည်။
ဆက်လက်၍ ဦးသန်းထွန်းက “စစ်တွေမြို့ပေါ်မှ ပြည်သူတွေအနေနဲ့ ကိုယ့်မြို့ (Stay at Home) မဖြစ်ဖို့၊ Lockdown အချမခံရဖို့အတွက် ကိုယ်တို့ကိုယ်တိုင် စည်းကမ်းတကျနဲ့နေထိုင်မှ ဖြစ်လာပါ လိမ့်မယ်၊ Lockdown ကိုကြိုက်သလား၊ စည်းကမ်းကိုကြိုက်သလား၊ နောက်တစ်ခါ (Stay at Home) ဘဲနေချင်သလား (Mask) မတတ်ဘဲ နေချင်သလား ဆိုတာကိုတော့ ကိုယ့်ဟာကိုယ် သတိရှိရှိနဲ့ ဆုံးဖြတ်ကြပါလို့ ပြောချင်ပါတယ်” ဟု ဆက်လက်ပြောကြားသည်။
မိမိတို့ရပ်ကွက်ကျေးရွာ၊ မိမိတို့မြို့နယ်၊ မိမိတို့ပြည်နယ်၊ နိုင်ငံ ကိုဗစ်-၁၉ ရောဂါမပြန့်ပွားစေရေး အတွက် တစ်ဦးချင်းစီက ကိုဗစ်-၁၉ ညွှန်ကြားချက်တွေအတိုင်း စည်းကမ်းတကျ လိုက်နာ ဆောင်ရွက် ကြရန် လိုအပ်သည့်အတွက် ပြည်သူအားလုံးက လိုက်နာဆောင်ရွက်မည်ဆိုလျင် ကိုဗစ်-၁၉ ရောဂါကို ကာကွယ်တားဆီးနိုင်မည်ဖြစ်ပါသည်။
တင်ထွန်း(ပြန်/ဆက်)