ယင်းမာပင် ဇူလိုင် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် ၂၀၂၁ ခုနှစ် မိုးရာသီ စုပေါင်း သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီ အချိန်က ကွန်ပျူတာတက္ကသိုလ် ကျောင်းဝန်း အတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ယင်းမာပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းမော်နှင့် အဖွဲ့ဝင်များအား ယင်းမာပင်ခရိုင်သစ်တောဦးစီးဌာနမှူး ဦးနိုင်လင်းမှ ပျိုးပင်များပေးအပ်ခဲ့သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ စုပေါင်း၍ သက်တမ်း (၂) နှစ် ၊ အမြင့် (၂) ပေရှိ ပျိုးပင်များ ဖြစ်သည့် ယင်းမာ (၁၀၀) ပင် ၊ မယ်ဇယ် (၁၀၀) ပင်၊ ကျွန်း (၅၀) ပင် ၊ ပိတောက် (၅၀) ပင် ၊ မာတာကွတ် (၅၀) ပင် ၊ စိန်ပန်းနီ (၅၀) ပင် နှင့် တမာ (၁၀၀) ပင် စုစုပေါင်း ပျိုးပင် (၅၀၀) တို့ကို စိုက်ပျိုးခဲ့ကြကြောင်းသိရသည်။
သစ်တောဦးစီးဌာနအနေဖြင့် မိုးရာသီသစ်ပင်များစိုက်ပျိုး ကျင်းပရခြင်းမှာ သဘာဝ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး ၊ ရာသီဉတု အပူဒဏ်ခံနိုင်ရေး ၊ ကျောင်းဝင်းအတွင်း အရိပ်အာဝါသ ရရှိစေနိုင်ရန် ရည်ရွယ်၍ စိုက်ပျိုးရခြင်းဖြစ်ပြီး မြို့နယ်အတွင်း ပျိုးပင်စုစုပေါင်း (၂၅၀၀၀)ပင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တော ဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးထိုက်ထံမှ သိရသည်။
အဆိုပါသစ်ပင်စိုက်ပျိုးပွဲသို့ ယင်းမာပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းမော် ၊ ယင်းမာပင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမာန်ကိုဟောနှင့်အဖွဲ့ဝင်များ ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ ၊ သစ်တောဦးစီးဌာနမှဝန်ထမ်းများနှင့် ကွန်ပျူတာတက္ကသိုလ်မှတာဝန်ရှိသူများ တက်ရောက် ခဲ့ကြကြောင်းသိရသည်။
စိုးမိုး(ယင်းမာပင်)