ချောင်းဦး ဇူလိုင် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ယနေ့နံနက် ၉ နာရီ အချိန်က ချောင်းဦးမြို့နယ် ကျောက်စစ်ကန် ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း အတိုးရငွေဖြင့် ကျေးရွာတွင်း လမ်းများ လျှပ်စစ်မီးလင်း ရေး လုပ်ငန်းဆောင်ရွက်ထားရှိမှုအား မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဦးစိုးမင်းလတ်နှင့် ဝန်ထမ်းများ ကွင်းဆင်း ကြည့်ရှု့ခဲ့ကြောင်း သိရသည်။
ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွါးလာစေခြင်းဖြင့် ကျေးလက် ဒေသဆင်းရဲမှုနှုန်းကို လျော့ချနိုင်ရန်နှင့် တိုးပွါးလာသော ရန်ပုံငွေများဖြင့် ကျေးရွာအတွက် အမှန်တကယ် လိုအပ်သော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာမှကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်နိုင် ရန်၊ ကျေးလက်နှင့် မြို့ပြကွာဟမှု ကျဉ်မြောင်းစေရန်အတွက် အရင်းမပျောက်မတည် လည်ပတ်ရန်ပုံငွေ မြစိမ်းရောင်စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
"ချောင်းဦးမြို့နယ် ကျောက်စစ်ကန်ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းကို ၂၀၁၅-၂၀၁၆ ခု၊ ဘဏ္ဍာရေးနှစ်မှ မတည်ငွေကျပ်သိန်း(၃၀၀)ဖြင့် စတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ပဉ္စမအကြိမ်မြောက် ရန်ပုံငွေ ထုတ်ချေးရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရောင်းဝယ်ရေး လုပ်ငန်းများ အတွက် အသင်းသား(၂၅၅)ဦးအား ထုတ်ချေးငွေကျပ်သိန်း(၄၅၁)သိန်း ထုတ်ချေးပေးနိုင်ခဲ့ပြီး ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းအဖြစ် မြစိမ်းရောင် စီမံကိန်း အတိုးရငွေ၏ (၅၀%)မှ ကျပ်သိန်း(၁၅၀)ဖြင့် ကျေးရွာလျှပ်စစ်မီးလင်းနိုင်ရေး အတွက် ၄၀၀ ဗို့ ဓာတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း" ချောင်းဦးမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးမင်းလတ် က ပြောပြ၍ သိရသည်။
ကွင်းဆင်းကြည့်ရှု့ရာသို့ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဦးစိုးမင်းလတ် နှင့်ဝန်ထမ်းများ၊ ချောင်းဦး မြို့နယ် ကျောက်စစ်ကန်ကျေးရွာ မြစိမ်းရောင်စီမံကိန်းကော်မတီ အဖွဲ့ဝင်များ စုစုပေါင်း ၁၀ ဦး ကြည့်ရှု့ စစ်ဆေး ခဲ့ကြောင်း သိရသည်။
အိအိအောင်(ချောင်းဦး)