မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံကူးစက်ခံရသူ (၃၀၇)ဦး ရှိပြီး ပိုးတွေ့အတည်ပြုလူနာပေါင်း(၄၄၀၆)ဦး အထိရှိလာ

မကွေး ဇူလိုင် ၁၇
 
မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါပိုး တတိယလှိုင်းအဖြစ် ကူးစက်မှုများရှိနေပြီး၊ ကူးစက်မှုနှုန်း မြင့်မားလျက်ရှိကာ ဇူလိုင်လ ၁၆ ရက်နေ့တွင် ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာသစ် (၃၀၇)ဦး ထပ်မံကူးစက်ခံ ရပြီး တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ ပေါင်း (၄၄၀၆)ဦး အထိရှိလာ ကြောင်း ယနေ့ညနေပိုင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ထုတ်ပြန်ချက်များအရ သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း ဒီကနေ့မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုက မြင့်မားနေတာပါ၊ မလိုအပ်ဘဲ အိမ်ပြင် မထွက်ကြဖို့နဲ့ ထွက်တဲ့အခါမှာလည်း Mask ကို စနစ်တကျ တတ်ဆင်ပြီးမှ သွားလာကြဖို့ပါ၊ ဒီကနေ့ တိုင်းဒေသကြီးအတွင်းမှာ ကိုစ်-၁၉ ပိုးတွေ့ အတည်ပြု လူနာသစ် (၃၀၇)ဦး ထပ်မံကူးစက်ခံရတာပါ၊ အနံ့ပျောက် လက္ခဏာပြသူတွေ၊ ပိုးတွေ့ အတည် ပြုလူနာနဲ့ ထိတွေ့မှုရှိသူတွေ၊ Quarantine Centre များမှ စောင့်ကြည့်လူနာတွေကို သက်ဆိုင်ရာ ကျန်းမာရေးစင်တာများမှာ(RDT) Test Kit နဲ့ စစ်ဆေးဆောင်ရွက်ခဲ့တာဖြစ်ပါတယ်၊ တွေ့ရှိခဲ့တဲ့ လူနာတွေက မင်းလှက(၉၁)ဦး၊ မကွေး(၆၄)ဦး၊ ရေနံချောင်း(၅၈)ဦး၊ မင်းဘူး(၁၈)ဦး၊ ဂန့်ဂေါ(၁၅)ဦး၊ မင်းတုန်း(၁၄)ဦး၊ မြိုင်နဲ့ နတ်မောက်က(၁၁)ဦးစီ၊ ကံမက(၁၀)ဦး၊ မြို့သစ်(၈)ဦး၊ ဆော(၅)ဦးနဲ့ ဆိပ်ဖြူက(၂)ဦးတို့ ဖြစ်ပါတယ်၊ တိုင်းဒေသကြီး အတွင်း ကိုဗစ်-၁၉ Third Wave မှာ စတင်တွေ့ရှိခဲ့တဲ့ (၂၇-၅-၂၀၂၁) ရက်နေ့မှ ယနေ့အထိ ပိုးတွေ့အတည်ပြု လူနာပေါင်းက (၄၄၀၆)ဦး ထိရှိလာပြီ ဖြစ်တယ်လို့ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန တာဝန်ရှိသူ တစ်ဦးကအတည် ပြုပြောကြားသည်။
လက်ရှိမှာ မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာပေါင်း (၄၄၀၆)ဦးရှိပြီး၊ ကျန်းမာရေး ပြန်လည်ကောင်းမွန်ကာ ဆေးရုံဆင်းခွင့်ရရှိသူ (၈၆၉)ဦး၊ သေဆုံးသူက(၄၉)ဦးရှိခဲ့ပြီး၊ တိုင်းဒေသကြီး အတွင်းရှိ ဆေးရုံ သီးသီးတွင် တက်ရောက် ဆေးဝါးကုသမှု ခံယူနေသူ (၃၄၈၈) ဦးရှိ ကြောင်း တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီဌာန မှတ်တမ်းများအရ သိရသည်။
မောင်ညီညာ(မကွေး)