မအီမြို့တွင် ကိုဗစ်-၁၉ ရောဂါကုသရေးနှင့် ကာကွယ်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ အစည်းအဝေး ပြုလုပ်

မအီ ဇူလိုင် ၁၇

 

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မအီမြို့တွင်  ကိုဗစ်-၁၉ ရောဂါ ကုသရေးနှင့်ကာကွယ်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ အစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီက မအီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြသည်။

 

ရှေဦးစွာ ကိုဗစ်-၁၉ ရောဂါ အရေးပေါ်တုံ့ပြန်ရေးနှင့် တားဆီးကာကွယ်၊ ထိန်းချုပ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ပုက ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေး လုပ်ငန်းစဉ်များနှင့် ပတ် သက်၍ အသိပညာပေး လုပ်ငန်းများကိုအရှိန်အဟုန်မြှင့်ဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လိုက်နာရမည့် သတ်မှတ်စည်းကမ်းများကို ပြည်သူလူထုထံ ကျယ်ကျယ်ပြန့်ပြန့် ရောက်စေ ရေး  လှည်လှည့်ကြေညာရန်၊ အိမ်ပြင်ထွက်တိုင်း နှာခေါင်းစည်း(Mask) တပ်ဆင်သွား လာကြသည့် အလေ့အထ ဖြစ်လာအောင် ကြပ်မတ်‌ဆောင်ရွက်ရန်၊ အသိပညာပေး ကာလ ပြီးပါက လိုက်နာရန် ပျက်ကွက်သူများကို ဒဏ်ရိုက် အရေးယူရန်စသည့် လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ မအီမြို့ပြည်သူ့ဆေးရုံ၊ တိုက်နယ်ဆရာဝန် ဒေါက်တာမင်းနိုင်ကျော် က ကိုဗစ်-၁၉ ရောဂါ ကုသရေးလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ မအီမြို့၊ ပြည်သူ့ဆေးရုံ တွင် အောက်စီဂျင် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် မြို့သူ/ မြို့သား စေတနာရှင်များက ပါဝင်လှူဒါန်းကူညီ ပေးကြစေလိုပါကြောင်း နှင့် လက်ရှိ အခြေအနေများကို အကျယ်တဝင့် ရှင်းလင်းတင်ပြသည်။

 

ထို့နောက် အစည်းအဝေး တက်ရောက်လာ ကြသော ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ မြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များက ဆက်လက် ဆောင်ရွက်ကြရမည့် လုပ်ငန်း စဉ်များနှင့် လိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။

 

သိန်းထွန်းအောင်