ဝန်းသိုမြို့နယ်တွင် R-S အဆင့်ရှိ မှော်ဘီ-၂မျိုးစပါးဖြင့် SRI စိုက်ပျိုးနည်း လက်တွေ့ စိုက်ပျိုးပြသ

ဝန်းသို ဇူလိုင် ၁၆

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ တင်းဝါးချောင်းအုပ်စု၊ ကွင်းအမှတ် ၁၂၉၃၊ တောင်သူ ဦးဇော်လင်းဦး၏ လယ်မြေတွင် ယမန်နေ့က R-S အဆင့်ရှိ မှော်ဘီ-၂ မျိုးစပါး၊ ကောက်ကွက် ၁၀ လက်မပတ်လည်၊ ပျိုးသက် ၁၄ ရက်သား၊  SRI စိုက်ပျိုးနည်းစနစ်ဖြင့် လက်တွေ့စိုက်ပျိုးပြသခြင်းကို စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးတင့်ဆွေနှင့် ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

“ဒီနေ့ တောင်သူကြီး ဦးဇော်လင်းဦးရဲ့ လယ်မြေ တစ်ဧကကွက်မှာ SRI စိုက်ပျိုးနည်းစနစ်နဲ့ မှော်ဘီ-၂မျိုးစပါးကို လက်တွေ့စိုက်ပျိုးပြသခြင်းဖြစ်ပါတယ်၊ SRI စိုက်ပျိုးနည်းနဲ့ တောင်သူဦးကြီးများစိုက်ပျိုးမယ်ဆိုရင် လယ်တစ်ဧကကို မျိုးစေ့နို့ဆီဗူး ၁၀ ဗူးသာအသုံးပြုရတဲ့အတွက် မျိုးဖိုးကုန်ကျစရိတ်သက်သာတယ်၊ ပျိုးထောင်ရာမှာလည်း နေရာ အနည်း ငယ်နဲ့ပျိုးထောင်နိုင်တယ်၊ ကောက်ကွက် ၁၀ လက်မပတ်လည်မှာ ကောက်ကွက်တစ်ကွက်ကို တစ်ပင်ချင်းစိုက်ပျိုးနိုင် ပြီးတော့ အပင်ဖြစ်ထွန်းချိန်မှာလည်း ပိုးကျရောက်မှုသက်သာတဲ့အတွက် ပိုးသတ်ဆေးကုန် ကျမှု သက်သာစေတယ်၊ ကောက်ကွက်တစ်ကွက်ချင်းစီမှာ အပင်များပွားနိုင်ပြီးတော့ ကြံ့ခိုင်မှုပိုကောင်းတယ်၊ ယိုင်လဲမှုသက်သာတယ်၊ အစေ့ အဆံပိုအောင်ပြီးတော့ အလေးချိန်တိုး၊ အထွက်နှုန်းလည်းတိုးစေပါတယ်၊ ပုံမှန်ချိန်ထက် ၇ ရက်မှ ၁၀ ရက်ခန့် စောပြီး ရင့်မှည့်တယ်၊ ပြီးတော့ရေသွင်းရေခမ်းစနစ်ပြုလုပ်ပြီး ရေကုန်ကျမှု လျှော့နည်းတဲ့အတွက် SRIစိုက်ပျိုးနည်းဟာဆိုရင် တောင်သူဦးကြီးများစိုက်ပျိုးသင့်တဲ့ နည်းစနစ်ဖြစ်ပါတယ်”ဟု စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးတင့်ဆွေက SRI စိုက်ပျိုး နည်းစနစ်၏ အကျိုးကျေးဇူးကို  ပြောပြသည်။

 

ဝန်းသိုမြို့နယ်အတွင်း ၂၀၂၁ ခုနှစ် မိုးစပါးစိုက်ဧက ၃၈၉၈၉ ဧက စိုက်ပျိုးထုတ်လုပ်ရန်လျာထားလျက် ရှိပြီး GAP စိုက်ပျိုးနည်းစဖြင့် စံပြကွက် ဧက ၄၀၊ မျိုးထုတ်ကွက်အနေဖြင့် ၃၅ ဧက၊ (SRI) စိုက်ပျိုးနည်း စနစ် ဖြင့် ၁၀ ဧကတို့ကို စိုက်ပျိုးထုတ်လုပ်သွားမည်ဖြစ်ကြောင်း လက်ရှိတွင် မိုးစပါးစိုက်ဧက ၁၀၀၀၀ ထိ စိုက်ပျိုး ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

ကျော်မြိုင်