ဘိုကလေးမြို့နယ်မှ ကိုဗစ်-၁၉ အတည်ပြုလူနာများနှင့် အသွားအလာကန့်သတ်ခံထားရသူများအတွက် စားနပ်ရိက္ခာများလှူဒါန်းနိုင်ရေး အလှူငွေများလှုဒါန်း

ဘိုကလေး ဇူလိုင် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ယခင်ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်နေသည့် ကာလများမှစ၍ ယခုတိုင်အောင် မြို့နယ်အတွင်းမှ ကိုဗစ်-၁၉ အတည်ပြုလူနာ များနှင့် အသွားအလာကန့်သတ်ထားရှိခံရသူများထားရှိရာ Quarantine Center များအား အစာအဟာရ ထမင်း၊ဟင်း လှူဒါန်းပေးပို့နေသည့် သုခဝေဖြာပရဟိတဖောင်ဒေးရှင်းကို ယမန်နေ့ ညနေပိုင်းတွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေး ကော်မတီမှ အလှူငွေ(၁၀)သိန်းကျပ် ပေးအပ် လှူဒါန်းခဲ့သည်။
အဆိုပါ ပရဟိတဖောင်ဒေးရှင်းသည် ဘိုကလေးမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ဇမ္ဗူဒီပရတနာ ကျောင်းတိုက်တွင် တည်ရှိပြီး ဖောင်ဒေးရှင်း၏ ဦးဆောင်ဆရာတော်အဖြစ် ဘဒ္ဒန္တတေဇမှ ဦးစီး ဆောင်ရွက်လျက်ရှိကြောင်းနှင့် သွေးလှူဒါန်း ကူညီမှုများ၊ လူနာတင်ယာဉ်ဖြင့် လူနာတင်ဆောင် ကူညီခြင်း လုပ်ငန်းများ၊ မြို့နယ်ကုတင်(၁၀၀)ပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေသူများ အား အစာအာဟာရ ပေးပို့လှူဒါန်းခြင်းများ စသည့် လုပ်ငန်းများအပါအဝင် ပရဟိတကူညီမှု လုပ်ငန်းများ အား လူမျိုး၊ဘာသာမရွေး အခက်အခဲရှိ ပြည်သူများအတွက် ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)