မိုးစပါးမျိုးစေ့ထုတ်စံပြကွက် စိုက်ပျိုးမည့် တောင်သူများ ပေါင်စနစ်ဖြင့်ပျိုးထောင်

ကျွန်းလှ ဇူလိုင် ၁၆

            

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ်စံပြကွက်စိုက် ပျိုးမည့်‌တောင်သူများပေါင်စနစ်ဖြင့် ပျိုးထောင်နည်းစိတ်ပါဝင်စားစွာလုပ်ကိုင်လာကြကြောင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မှသိရသည်။

          

“မိုးစပါးမျိုးစေ့ထုတ်စံပြကွက် စိုက်ပျိုးရန်အတွက်ပေါင်စနစ်ဖြင့် ပျိုးထောင်ရာတွင် တစ်ဧက မျိုးစေ့(၆)ပြည် သို့မဟုတ် (၁၀)ပြည်ကို မျိုးညှောင့်ဖောက်ရပါတယ်။ ပျိုးခင်းအတွင်းအလျား ၁၂၀ပေ၊ အနံ ၃ပေ၊အမြင့် ၄လက်မရှိပျိုးပေါင်(၇)ပေါင်၊စုစုပေါင်း ၈၄၀ပေရ ရှိအောင်ပြုလုပ်ရ ပါတယ်။ မျိုးစေ့များပူးကပ် ခြင်းမရှိစေရန်မြေဆွေး၊ ဖွဲပြာဖုံးအုပ်ရပါတယ်။ ပျိုးသက်(၂၀မှ၂၅) ရက်သားရရင် ချက်ချင်းနုတ်၊ ချက်ချင်းစိုက်ရပါတယ်”ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီကပြောပြသည်။

             

အဆိုပါ‌ ပေါင်စနစ်ဖြင့်ပျိုးထောင်ခြင်းကြောင့် မျိုးစေ့ဖိုးကုန်ကျစရိတ် သက်သာကြာင်း၊ ပျိုးပင်များ တို၊တုတ်၊သန်မာကြောင်း၊ တန်းကြား ပင်ကြား(၈× ၆)လက်မစိုက်ပျိုးခြင်းကြောင့် တစ်ဧက ကောက်ကွက်ပြည့်မီကြောင်း၊ လေဝင်လေထွက်ကောင်းမွန်ပြီး ပေါင်းမြက်ရှင်း လင်းရ လွယ်ကူကြောင်းနှင့် မျိုးကောင်းမျိုးသန့်ရရှိပြီး တစ်ဧကတင်း(၁၀၀) အထက်ထွက်ရှိနိုင်ကြောင်း သိရသည်။

 

မျိုးဝင်းညို (ကျွန်းလှ)