ကြို့ပင်ကောက် ဇူလိုင် ၁၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် ယနေ့ နံနက်ပိုင်းအချိန်အထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၂၃၄)ဦးရှိပြီဖြစ်၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု များပြားလာသောကြောင့် ကြိုတင်ကာကွယ် ရေးလုပ်ငန်းဖြစ်သည့် ပိုးသတ်ဆေးဖျန်း ခြင်းကို မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ လူမှုရေး အသင်းအဖွဲ့များမှ လူငယ်များ ပူးပေါင်းပြီး ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများရှိသည့် သဲကုန်းရပ်ကွက်အတွင်းရှိ လမ်းများ၊ ရွာမမြောက်ရပ်ကွက် အတွင်းရှိ မြောက်ရွာမလမ်း၊ ပန်းတင် ရပ်ကွက်အတွင်းရှိ ဥယျာဉ်လမ်း၊ ပန်းတင်လမ်းနှင့် ဈေးချို မြောက်ရပ်ကွက် အတွင်းရှိ ဘူတာရုံလမ်း၊ ဈေးချိုတောင်ရပ်ကွက်မှ လည်းတန်းလမ်း၊ မြို့မဈေးအနီး ပတ်ဝန်းကျင်ရှိ လူအများသွားလာထားသော နေရာတို့တွင် ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းများပြားသော ရပ်ကွက်နှင့် လမ်းများသို့ ပိုးသတ်ဆေးများ ဖျန်းရခြင်းဖြစ် ကြောင်း ဒေသခံပြည်သူများမှ လည်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော စည်းကမ်းချက်များကို လိုက်နာနေထိုင်သင့်ကြောင်း ပိုးသတ်ဆေးဖျန်းရန်အတွက် မြို့နယ်မီးသတ် ဦးစီးဌာနသို့ ဆက်သွယ် အကူအညီ တောင်းခံနိုင်ကြောင်း မြို့နယ်မီးသတ် ဦးစီးမှူး ဦးရဲလင်းအောင်က ပြောသည်။
ဇေယျာထွန်း