ပြည်မြို့ ခုတင် (၅ဝဝ) အထွေထွေရောဂါကုဆေးရုံကြီး၏ ကိုဗစ်−၁၉ လူနာများအတွက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ မြို့မိ၊ မြို့ဖများက အောက်စီဂျင်အိုးကြီး အလုံး (၁ဝဝ) လာရောက်လှူဒါန်း​

ပြည် ဇူလိုင် ၁၅

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ခုတင်(၅ဝဝ) အထွေထွေရောဂါကုဆေးရုံကြီး၏ ကိုဗစ်−၁၉ လူနာများအတွက် ပြည်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်မှုဖြင့် မြို့မိ၊မြို့ဖများက ယ​နေ့နံနက် ပိုင်းတွင် အောက်စီဂျင်အိုးကြီး အလုံး (၁ဝဝ) လာ​ရောက်လှူဒါန်း​ကြောင်း ဆေးရုံကြီး တာဝန်ရှိသူများထံမှ သိရသည်။

လှူဒါန်းရာသို့ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီး တိုးလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းဦး၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ​ကေခိုင်ဝင်း နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ဆေးရုံကြီးမှ တာဝန်ရှိသူများတက်ရောက်ပြီး အဆိုပါ အောက်စီဂျင်အိုးကြီး အလုံး (၁ဝဝ)ကို မြို့မိမြို့ဖ ဦးမိုးဇင် က ပေးအပ်လှူဒါန်းရာ  ဒုတိယဆေးရုံအုပ်ကြီး ဒေါက်တာသီတာစိုးက လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့သည်။

အဆိုပါ အောက်စီဂျင်အိုးကြီး အလုံး (၁ဝဝ) ကို ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင်၏ စီမံချိတ်ဆက်​ပေးမှုဖြင့် ပြည်မြို့မှ မြို့မိမြို့ဖများဖြစ်​သော ဦးလှမိုး(ခ) ဦးထိုင်ထိုင်၊ ဦး​မောင်​မောင်၊ ဦးမိုးဇင်နှင့် ဦး​သောင်းတို့က မြဝတီမြို့မှ ဆက်သွယ်မှာယူ လှူဒါန်းခြင်းဖြစ်​ကြောင်း သိရပြီး သယ်ယူစရိတ်၊ အောက်စီဂျင်အိုးနှင့်မီတာခွက်အပါအဝင် ​အောက်စီဂျင်အိုးကြီးတစ်လုံးလျှင် ကုန်ကျ​ငွေကျပ် ၃သိန်းခွဲနှုန်းဖြင့် အလုံး(၁ဝဝ)အတွက် စုစု​ပေါင်း ကုန်ကျ​ငွေကျပ် သိန်း(၃၅ဝ)ဖြစ်ကြောင်း သိရသည်။

ပြည်မြို့နယ်တွင် ဇူလိုင် ၁၄ ရက် ယမန်​နေ့ ညနေပိုင်းအထိ ကိုဗစ်−၁၉ ​ရောဂါပိုးတွေ့ရှိ အတည်ပြုလူနာ စုစု​ပေါင်း (၆ဝ၇)ဦးအထိရှိ​ကာ ယင်းလူနာများကို ပြည်မြို့ ခုတင်(၅ဝဝ)​ဆေးရုံကြီးနှင့်် ပေါင်းတလည်တိုက်နယ်၊ ဝက်ထီးကန်တိုက်နယ်​ဆေးရုံတို့တွင် ကျန်းမာ​ရေး​ကုသ​ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့်် အဆိုပါ အတည်ပြုလူနာများအား ကျန်းမာ​ရေး​ကုသမှု ဆောင်ရွက်ရာတွင် လိုအပ်လျက်ရှိသော ​အောက်စီဂျင်အိုးများကို ဒေသခံပြည်သူ များအပါအဝင် ရပ်​ဝေးရပ်နီးမှ စေတနာရှင် အလှူရှင်များအ​နေဖြင့် လှူဒါန်းမှုပြုလိုပါ ဝ၉−၅၃၁၁၄ဝ၂၊ ဝ၉−၅၃၁၁၃၄၇ နှင့် ဝ၉− ၅၃၁ဝ၁၄၅ တို့သို့ ဆက်သွယ်လှူဒါန်းနိုင်​ကြောင်း ခရိုင်နှင့်မြို့နယ် ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေး​ပေါ်တုံ့ပြန်​ရေး​ကော်မတီထံမှ သိရသည်။

ကိုဆက်