ကန့်ဘလူ ဇူလိုင် ၁၅
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုး တက်ရေးစီမံကိန်းဝင် ကျေးရွာများအနက် တောက္ကရှပ် ကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း အကောင်အထည် ဖော်ဆောင်ရွက်နေမှု အခြေအနေများကို ဇူလိုင် ၁၅ ရက်နံနက် ၁၀ နာရီက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
အဆိုပါကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းရန်ပုံငွေ ကျပ်သိန်း ၁၀၀ ဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းအရှည် ၅၃၀ ပေ၊အကျယ် ၁၂ ပေ၊ထု ၆ လက်မအား ကျေးရွာသူ ရွာသားများကိုယ်တိုင် ဆောင်ရွက်နေမှုကို မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တမြို့နယ် ဦးစီးမှူးဒေါ်ခိုင်မာလာဝင်းနှင့် တာဝန်ခံအင်ဂျင်နီယာတို့က အချိန်မီပြီးစီးရေးနှင့် အရည်အသွေးပြည့်မီရေးတို့အတွက် ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။
ကန့်ဘလူမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းကို မူလဘတ်ဂျက်ဖြင့် ကျေးရွာ ၁၅ ရွာ၊ ထပ်တိုးကျေးရွာ ၄ ရွာနှင့် အခြားမြို့နယ်များမှလွှဲပြောင်းရရှိသည့်ကျေးရွာ ၁၀ ရွာ စုစုပေါင်း ကျေးရွာ ၂၉ ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)