ကောလင်း ဇူလိုင် ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ကောလင်းခရိုင်အတွင်း ကောက်စိုက်ခများ စျေးမြင့်သဖြင့် ကောက် အငှားစိုက်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ကျွန်တော်တို့ဆီမှာက ဒီနှစ်က မိုးရွာတာ နောက်ကြပြီး ယမန်နေ့က မိုးသည်းထန်စွာ ရွာသွန်း သဖြင့် လယ်ရှင်များ စိုက်ပျိုးရေရရှိတုန်း စိုက်ကြတော့ အလုပ်သမားက ရှားသည့်အတွက် လယ်တစ်ဧကကို ကောက်စိုက်ခ ၄၀၀၀၀ကျပ်မှ၄၅၀၀၀ကျပ်အထိ စျေးမြင့်ခဲ့ပါတယ်။ နေ့စား ဆိုရင် နံနက်၆နာရီမှ ၁၀နာရီအထိ ၅၀၀၀ကျပ်နှုန်းပေးရကြောင်း စိန်လည်ကျေးရွာမှ လယ်တစ်မားတစ်ဦးက ပြောပြသည်။
ကျွန်မတို့ ကောက်စိုက်အဖွဲ့က ဧက ၃၀ ကျော် လက်ခံထာပါတယ်။ ယခင်နှစ်တွေက ကောက်စိုက်ခ တစ်ဧကကို ၄၀၀၀၀ကျပ်နှင့်စိုက်ပျိုးပါတယ်။ဒီနှစ်တော့ ကျွန်မတို့လည်း သူများစျေးအတိုင်း ရိုးရိုးစိုက်၊ ကြိုးတန်းစိုက် အတူတူ တစ်ဧကကို ၄၅၀၀၀ကျပ်နှင့်စိုက်ပါတယ်။ နံနက် ၆နာရီမှစစိုက်ပြီး မိုးချုပ်သည်အထိ စိုက်ပျိုးရပြီး၊ တစ်ဧက ၇ယောက်နှုန်း၊ တစ်ရက်ပုံမှန်ဝင်ငွေ တစ်ယောက်ကို တစ်သောင်းကျော်ခန့်ရရှိကြောင်း ကောက်အငှားစိုက်သူ ဒေါ်အေးအေးမြင့်က ပြောပြသည်။
ကောလင်းခရိုင်အတွင်း ၂၀၂၁ ခုနှစ်၊ မိုးစပါးစိုက်ဧက ဝန်းသိုမြို့နယ်တွင် ၃၈၉၈၉ဧက၊ ပင်လည်ဘူးမြို့နယ်တွင် ၆၁၃၆၂ဧက၊ ကောလင်းမြို့နယ်တွင် ၉၉၂၄၂ဧက စုစုပေါင်း ၁၉၉၅၉၃ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း ကောလင်ခရိုင် စိုက်ပျိုးရေးရုံးမှ သိရသည်။
မြင့်ထွန်းမင်း(ကောလင်း)