စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာများထားရှိနိုင်ရန် ယာယီဆေးရုံနှစ်ရုံ တည်ဆောက်လျက်ရှိ

ဝန်းသို ဇူလိုင် ၁၅

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ အတည် ပြုလူနာများထားရှိရန် နေရာမလုံလောက်သဖြင့် ပိုးတွေ့လူနာများထားရှိနိုင်ရန်အတွက် မြို့နယ်ပြည်သူ့အား ကစားကွင်းနေရာလွတ်တွင် လူနာ ၅၀ ဦးဆံ့ ယာယီဆေးရုံတစ်ရုံနှင့်  မိုးလုံလေလုံအားကစားရုံတွင် လူနာ ၃၀ ဦးဆံ့ယာယီဆေးရုံ တစ်ရုံတို့ကို မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှဦးစီး၍ တည်ဆောက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ယာယီဆေးရုံနှစ်ရုံ တည်ဆောက်နေမှုလုပ်ငန်းအခြေအနေတို့ကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊  ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စောအေးတို့က ယမန်နေ့က ကြည့်ရှုစစ်ဆေးခဲ့ကြပြီး အဆောက်အဦများ လေဝင်လေထွက်ကောင်းမွန်ရေး၊ လျှပ်စစ်မီးနှင့် ရေရရှိရေး၊ အိမ်သာ၊ အမှိုက်ကျင်းများ စနစ်တကျတူးဖော်ထားရှိရေး၊ သွားလမ်းလာလမ်းများ ကောင်းမွန်စေရေးအတွက် သဲကျောက်များ ပြည့်ပြည့် ဝဝ ခင်းထားပေးစေရေးတို့ကို တာဝန်ရှိသူများက မှာကြားဆောင်ရွက်ခဲ့သည်။

 

ဝန်းသိုမြို့နယ်တွင် ဇူလိုင်လ ၉ ရက်နေ့မှစတင်၍ ယမန်နေ့ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၃ ဦးရှိပြီ ဖြစ်ပြီး ယနေ့ ဇူလိုင် ၁၅ ရက်နေ့ နံနက် ၉နာရီအချိန် ဂျိုးတောင်တိုက်နယ်ဆေးရုံ၌ ကိုဗစ်သံသယရှိသူ ၄ ဦးကို RDT Test Kit ဖြင့်စစ်ဆေးခဲ့ရာ ၄ ဦးလုံးတွင် Positive တွေ့ရှိခဲ့၍ စုစုပေါင်းအတည်ပြုလူနာ ၅၇ ဦးထိ ရှိနေပြီဖြစ်ကြောင်း အဆိုပါအတည်ပြုလူနာများအားလုံး ကျန်းမာရေးကောင်းမွန်စွာ ဆေးဝါးကုသခံယူလျက် ရှိပြီး ရောဂါပြင်းထန်၍ အောက်ဆီဂျင်ပေး ကုသရမည့်လူနာများမရှိကြောင်း သိရသည်။

 

ကျော်မြိုင်