ဝါးခယ်မ ဇူလိုင်၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခြင်းမှ ကြိုတင် ကာကွယ်နိုင်ရေးနှင့် ထိရောက်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်နိုင်ရေးတို့အတွက် ရည်ရွယ်၍ Oxygen ထုတ်လုပ်သည့်စက်ဝယ်ယူနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက မြသိန်းတန်ရပ်ကွက်၊ မြို့ပတ်လမ်း၊ AKD Hotelတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝးသို့ မြို့နယ်သံဃာ့နာယကအဖွဲ့ဝင်/ ကဝိသိပ္ပံ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဇဝန အမှူးပြုသော သံဃာတော်(၄)ပါး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်စိုးနှင့် မြို့မိ/မြို့ဖများ၊ စုစုပေါင်း(၁၁)ဦးတို့ တက်ရောက်ခဲ့ပြီး ဆရာတော်များက ကိုဗစ်-၁၉ရောဂါအား ထိန်းချုပ်နိုင်ရန် မဖြစ်မနေ လိုအပ်လျက်ရှိသော Oxygen ရရှိရေးမှာ အခက်အခဲများစွာ ကြုံတွေ့နေရသဖြင့် အလေးထား ဆောင်ရွက်ကြရန် မိန့်ကြားခဲ့ရာ အစည်းအဝေး တက်ရောက်လာသူများက ညှိနှိုင်းဆွေးနွေး၍ Oxygen ထုတ်လုပ်သည့်စက် ဝယ်ယူရန် ဆုံးဖြတ်ခဲ့ကြသည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်ကအလှူငွေကျပ် (၅)သိန်းအား စတင်လှူဒါန်းခဲ့ပြီး တက်ရောက်လာသူများနှင့် မြို့နယ်အတွင်းရှိ ဆန်စက်ပိုင်ရှင်များ၊ ဆန်စပါး ကုန်သည်များ၊ အခြားစီးပွားရေး လုပ်ငန်းရှင်များ၊ ပြည်သူများက ဆက်သွယ်လှူဒါန်းခဲ့ကြရာ စုစုပေါင်း အလှူငွေကျပ် (၅၁၉)သိန်း ရရှိခဲ့ကြောင်း သိရသည်။
Oxygen ထုတ်လုပ်သည့် စက်၏ခန့်မှန်းကုန်ကျငွေတန်ဖိုးမှာ ငွေကျပ်သိန်း(၈၀၀)ခန့်၊ အထောက်အကူပြု ပစ္စည်းများတန်ဖိုးမှာ ငွေကျပ်သိန်း (၂၀၀)ခန့်နှင့် စုစုပေါင်းငွေကျပ် သိန်း(၁၀၀၀)ခန့် ကုန်ကျမည်ဖြစ်ပြီး Oxygen စက်ရုံအား ရွာလယ်ရပ်ကွက်၊ မြို့ပတ်လမ်းတွင် တည်ဆောက်နိုင်ရန် စီမံဆောင်ရွက်ထားကြောင်း သိရသည်။
စောသန္တာဦး (ပြန်/ဆက်)