မင်းဘူး(စကု)မြို့နယ်မှ ငရုတ်စိုက် တောင်သူများ ဈေးကောင်းရ၍ အဆင်ပြေ

မင်းဘူး   ဇူလိုင်   ၁၅

 

မကွေးတိုင်ဒေသကြီး မင်းဘူး(စကု)မြို့နယ် ရေတွင်းကုန်းကျေးရွာမှ ငရုတ်စိုက် တောင်သူများ ငရုတ်သီးစိမ်း ဈေးကောင်း၍ အဆင်ပြေလျက် ရှိကြကြောင်း ရေတွင်းကုန်းကျေးရွာ ဒေသခံ တောင်သူများထံမှ သိရသည်။

 

ငရုတ်ပင်များကို စိုက်ပျိုးကြမည် ဆိုပါက ရေမဝပ်တဲ့မြေ၊ သဲမြေများနှင့် နုန်းမြေများကို အကြိုက်ဆုံးဖြစ်သည်။ မြေစေး အသင့်အတင့်ပါတဲ့ မြေများတွင်လည်း စိုက်ပျိုးနိုင်ပြီး ရေမဝပ်စေဖို့အတွက် ရေထုတ်မြောင်းများ စနစ်တကျ ပြုလုပ်ပေးရသည်။ သဲမြေများတွင် စိုက်ပျိုးမည်ဆိုပါက သစ်ရွက် သစ်ခက်များနဲ့ ပြုလုပ်ထားတဲ့ သဘာဝ မြေဆွေးများနှင့် နွားချေး၊ ဆိတ်ချေးများပါသော မြေဆွေးများ အလုံအလောက် ထည့်၍ စိုက်ပျိုးဖို့ လိုပေသည်။

 

ငရုတ်စိုက်ပျိုးရာတွင် ထွန်ယက်၍ တိုက်ရိုက် စိုက်ပျိုးကြသူများ ရှိသလို တချို့က ထွန်ရေးညက်ညက် ထွန်ယက်၍ မျိုးစေ့ချ စိုက်ပျိုး သူများနှင့် ပျိုးထောင်၍ ပျိုးပင်များကို ပေါင်ဆွဲပြီး စနစ်တကျ စိုက်ပျိုး သူများလည်း ရှိသည်။ ငရုတ်မျိုးစေ့များကို မျိုးစေ့ချ၍ စိုက်ပျိုးလျှင် ပျိုးပင် ထူထပ်သည့် နေရာများတွင် ပိန်လှီ သေးငယ်နေသော အပင်ကလေးများကို လိုချင်တဲ့ အကွာအဝေးထားပြီး နုတ်ပေးရသည်။ သို့မှသာ ကျန်ရှိနေသည့် အပင်များ ဖြစ်ထွန်း ပေမည်။

 

ငရုတ်ပင်များကို ပျိုးပင်ပျိုး၍ စိုက်ပျိုးနည်းကတော့ ထယ်ရေး ညက်ညက်ထွန်ထားတဲ့ မြေပေါ်မှာ ပျိုးပင်သက် ရက် ၃၀ မှ ၄၅ ရက်သားအတွင်း ပြောင်းရွှေ့ စိုက်ပျိုးကာ စိုက်ပျိုးပြီး ၄/၅ ရက်ကြာလျှင် အပင်များ အမြစ်ဆင်းပြီဖြစ်၍ စိမ်းစို လန်းဆန်းလာပြီး ၁၂ / ၁၃ ရက်ကြာတဲ့အခါ ရေသွင်းခြင်း၊ ပေါင်းမြက် ရှင်းလင်းခြင်းများ ပြုလုပ်ပေးနိုင်သည်။ ငရုတ်ပင်များကို မြေဆွခြင်းနှင့် မြေဩဇာ ကျွေးခြင်းကိုတော့ ၁၅ ရက်မှ တစ်ကြိမ်သာ ပြုလုပ် ပေးကြသည်။

 

ငရုတ်ပင်များကို မျိုးစေ့ချစိုက်ပျိုးလျှင် ၃ လ၊ ပျိုးထောင် စိုက်ပျိုးလျှင် ၂ လအကြာမှာ ပန်းများစပွင့်၍ ပန်းပွင့်ပြီး ၂ ပတ်အကြာတွင် အသီးများ စတင်ခူးဆွတ်နိုင်သည်။ ငရုတ်သီး အထွက်နှုန်းမှာ မြေအနေအထားနှင့် အပင်ကောင်းမှု အပေါ်မူတည်ကာ တစ်ဧကလျှင် ပိဿာချိန် ၅၀၀ မှ ၁၀၀၀ ကြားထွက်ရှိသည်။ ငရုတ်သီးစိမ်းမှာ  ပင်နံငရုတ်နှင့် ငရုတ်ပွအတောင့်ရှည် မျိုးဟူ၍ နှစ်မျိုးရှိပြီး ပင်နံမျိုးမှာ တစ်ဿာလျှင်ကျပ် ၅၀၀၀ ဈေးရှိ၍ ငရုတ်ပွအတောင့်ရှည်မျိုးမှာ တစ်ပိဿာလျှင်ကျပ် ၃၀၀၀ ဈေးရှိပြီး ငရုတ်ဈေး ကောင်းသောကြောင့်  အဆင်ပြေလျက်ရှိကြကြောင်း မင်းဘူး(စကု)မြို့နယ် ရေတွင်းကုန်းကျေးရွာ ငရုတ်စိုက် တောင်သူကိုကျော်ကြီးက ပြောသည်။

 

ဇေယျာထက် (မင်းဘူး)