ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှ ခရိုင်ကုသရေးဦးစီးဌာနမှူးအား ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းခြင်း

သံတွဲ ဇူလိုင်   ၁၅

 

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ရဲဝင်းထွန်း အား ကိုဗစ်-၁၉ ရောဂါနနှင့်ပတ်သက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဇူလိုင် ၁၄ ရက်နေ့ နံနက် ၁၁ နာရီအချိန်က တွေ့ဆုံမေးမြန်းခြင်းများပြုလုပ်ခဲ့ကြသည်။

ထိုသို့ တွေ့ဆုံမေးမြန်းရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ကိုဗစ်- ၁၉ ရောဂါ နှင့်ပတ်သက်၍ ခရိုင်ကုသရေးဦးစီးဌာနမှူး ဒေါက်တာရဲဝင်းထွန်း အားမေးမြန်းရာ-

အမေး။             ကိုဗစ်-၁၉ ရောဂါသံသယလူနာတွေကို ရောဂါရှိ/မရှိဘယ်လိုစစ်ဆေးပေးနေပါသလဲ။

အဖြေ။             ကိုဗစ်-၁၉ ရောဂါသံသယလူနာတွေကို ရောဂါရှိ/မရှိ ဘယ်လိုစစ်ဆေးပေးနေလဲဆိုတော့ ကျွန်တော်တို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် WHO က အသိအမှတ်ပြုထားတဲ့ Rapid Diagnostic Test( R D T Test Kit )နှင့် စစ်ဆေးပေးနေပါတယ်။

အမေး။             ပြည်သူတွေအနေနဲ့ရောဂါလက္ခဏာတွေ့ရှိရင် ဘယ်လိုဆက်သွယ်ဆောင်ရွက်ရမလဲ။

အဖြေ။             ပြည်သူတွေအနေနဲ့ ရောဂါလက္ခဏာတွေရှိလာရင် ကျွန်တော်တို့သံတွဲမှာရှိတဲ့ ဆေးရုံ၊ ဆေးပေးခန်း၊ ကျေးလက်ကျန်းမာရေးဌာန အစရှိတဲ့ ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးတဲ့ နေရာတိုင်း ကို ဆက်သွယ်ဆောင်ရွက်လို့ရပါတယ်။ ကျန်းမာရေးဝန်ထမ်းအလုံးက ကူညီဆောင်ရွက်ဖို့ အသင့်ရှိပါတယ်။ အိမ်မှာဘဲ ကြိတ်ကုမနေဘဲ ထိရောက်တဲ့ကုသမှု ခံယူစေချင်ပါတယ်။

အမေး။             ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိရပြီဆိုလျှင်ဘယ်လိုဆောင်ရွက်ပေးပါသလဲ။

အဖြေ။             ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိရပြီဆိုရင်တော့ တွေ့ရှိတဲ့နေရာဒေသအပေါ်မှာမူတည်ပြီး ကိုဗစ်-၁၉ ကို ထိရောက်စွာ ပြုစုကုသနိုင်တဲ့နေရာတွေထိ ပို့ဆောင်ပြီး ရောဂါအတိမ်အနက်အလိုက် ပြုစုကုသမှုကို လူတန်းစားမရွေးခံယူစေချင်ပါတယ်။

အမေး။             ဘယ်လိုရောဂါလက္ခဏာများပြသရင် စိုးရိမ်ရတဲ့အခြေအနေလို့ခေါ်ပါသလဲ။

အဖြေ။             ကိုဗစ်-၁၉ ရောဂါဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတစ်မျိုးဖြစ်တဲ့အတွက် လူသားတို့ရဲ့ အသက်ရှုလမ်းကြောင်းကို ပို၍ ဒုက္ခပေးတတ်ပါတယ်။ လူ့အသက်သေဆုံးတဲ့အထိ ဖြစ်ပွားတတ် တဲ့ ရောဂါတစ်မျိုးဖြစ်တဲ့အတွက် အသက်ရှုမရတာ၊ အသက်ရှုကြပ်တာ မောပန်းတာ၊ သွေးထဲက အောက်စီဂျင် ပမာဏကျဆင်းတာတွေဟာ စိုးရိမ်ရတဲ့အခြေအနေလို့ ပြောလို့ရပါတယ်။

အမေး။             လူနာတွေအတွက် အောက်စီဂျင်လိုအပ်ချက်တွေကို ဘယ်လိုစီစဉ်ထားပါသလဲ။

အဖြေ။             ကျွန်တော်တို့သံတွဲဆေးရုံမှာ ကိုဗစ်-၁၉ (Third Wave) မဖြစ်ပွားမီကတည်းက အောက်စီဂျင် ဆလင်ဒါအချို့ကို စုဆောင်းထားပြီးဖြစ်ပါတယ်။ သို့သော်လည်း ထင်ထားတာထက်   လူနာအရေအတွက်နှင့် အသုံးပြုမှု များလာတဲ့အတွက် အောက်စီဂျင်ရနိုင်မယ့်နေရာတွေက သွားရောက် ဝယ်ယူတာ တစ်မျိုး၊ အကူ အညီတောင်းတာတို့ကို ရဟန်းသံဃာတွေ စေတနာရှင်တွေ ပရဟိတသမားတွေနဲ့ ဝိုင်းဝန်းဆောင်ရွက်နေ တဲ့အတွက် အခက်အခဲမရှိပါဘူး သံတွဲခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ နဲ့ သက်ဆိုင်ရာဌာနအကြီးအကဲများ ကိုလည်း ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ လက်ရှိမှာ အောက်စီဂျင် အလုံးကြီး(၂ဝ)နဲ့(၂၅)လုံးကြား ကျန်ရှိနေပြီး လိုအပ်ချက်များကို အချိန်မီဖြည့်တင်းနိုင် အောင်လည်း လုပ်ဆောင်ပေးလျှက်ရှိပါတယ်။

အမေး။             ပိုးတွေ့လူနာများ (Quarantine) ဝင်ရောက်နိုင်ရေး စီစဉ်ထားရှိမှုအခြေအနေများကို ဘယ်လို စီစဉ်ထားတယ်ဆိုတာလည်း ဖြေကြားစေလိုပါတယ်။

အဖြေ။             ပိုးတွေ့လူနာတွေထဲမှာတော့ (Quarantine) ထားရှိကုသမှုကတော့ ()ပိုင်းရှိပါတယ်။ ရောဂါပိုမို ပြင်းထန်လူနာ နဲ့ သာမာန်လူနာဆိုပြီး ခွဲခြားထားပါတယ်။ သာမာန်လူနာတွေကိုတော့ ငပလီမြို့   မှာ ရှိတဲ့ (၂၅) ကုတင်ဆန့်ဆေးရုံမှာထားရှိကုသပေးနေပြီး ရောဂါပိုမိုပြင်းထန်တဲ့ လူနာများကို  သံတွဲခရိုင် ကုတင်(၁၀၀)ဆေးရုံရဲ့ ကိုဗစ်-၁၉ ကုသဆောင်၊ အထူးကုသကြပ်မတ်ဆောင်တွေမှာ ကုသစောင့်ရှောက်ပေး လျှက်ရှိနေပါတယ်။

အမေး။             ကိုဗစ်-၁၉ ရောဂါ ဖြစ်လာရင် ဘယ်လိုနေထိုင်စားသောက်သင့်ပါသလဲ။

အဖြေ။             ကိုဗစ်-၁၉ ရောဂါ ဖြစ်လာပြီဆိုရင်တော့ ပထမဆုံးအနေနဲ့ ကိုယ်ခံစွမ်းအားမြင့်တက်နေဖို့ လိုပါတယ်။ ဒါကြောင့်ကိုယ်ခံစွမ်းအား မြင့်တက်စေမယ့် အားရှိမယ့်အစားအသောက်တွေကို ရွေးချယ်စားသုံး ဖို့လိုပါတယ်။ လိုအပ်တဲ့ရေနဲ့အာဟာရ၊ ဓာတ်ဆားစသည်တို့ကို ဆောင်ထားဖို့လိုပါတယ်။ ဆေးလိပ်၊အရက်၊   ကွမ်း စားတာတွေကို ရှောင်ရှားဖို့လိုပါတယ်။

အမေး။             ရောဂါကူးစက်ပြန့်ပွားမှုမရှိအောင် အသိပညာပေးလုပ်ငန်းများကို ဘယ်လိုဆောင်ရွက်ထား   ပါသလဲ။

အဖြေ။             အသိပညာပေးလုပ်ငန်းအနေနဲ့ လူနေထူထပ်ပြီး လူသွားလူလာများတဲ့နေရာတွေမှာ (Mask Campaign)လှုပ်ရှားမှုများကို အပတ်စဉ် ဆောင်ရွက်ပြီးတော့  ဗီနိုင်းပိုစတာစိုက်ထူခြင်း၊ အသံချဲ့စက်ဖြင့် လှည့်လည်ဆော်ဩခြင်းများကို ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့ဝင်တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်လျှက် ရှိပါတယ်။

အမေး။             ပိုးတွေ့လူနာများအတွက် ဆေးရုံကဆောင်ရွက်ပေးမှုအခြေအနေမျာကို သိချင်ပါတယ်။

အဖြေ။             ပိုးတွေ့လူနာတွေထဲမှာ ရောဂါမပြင်းထန် ရောဂါလက္ခဏာမပြတဲ့ လူနာတွေကိုတော့ ငပလီဆေးရုံမှာ ထားရှိကုသပေးနေပါတယ်။ သူတို့ရဲ့အခြေခံကျန်းမာရေးကို အထူးအလေးထားစောင့်ရှောက် ပြီး နေ့စဉ်သွေးပေါင်ချိန်ခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးအတွင်းအောက်စီဂျင်ကောင်းမကောင်းတိုင်း တာခြင်းများကို ဆရာဝန်၊ ဆရာမလုံလောက်စွာဖြင့် စောင့်ကြည့်ကုသပေးနေပါတယ်။ ရောဂါပြင်းထန်တဲ့ လူနာများကိုတော့ သံတွဲခရိုင်ဆေးရုံမှာပဲ ထားရှိပြီး အထူးကြပ်မတ်ကုသပေးလျှက်ရှိပါတယ်။

အမေး။             လက်ရှိဆေးရုံတက်နေတဲ့ လူနာဦးရေ ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရသူဦးရေ (ပြန်လည်ကျန်းမာလာမှုအခြေအနေ)ကိုသိချင်ပါတယ်။

အဖြေ။             လက်ရှိဆေးရုံတွင် ဆေးရုံတက်ရောက်ကုသခံလူနာ (၆၉)ဦးကို ကုသပေးလျှက်ရှိပြီး ဆေးရုံမှ ကျန်းမာရေးပြန်လည်ကောင်မွန်၍ ဆေးရုံမှဆင်းခွင့်ရရှိသူ (၄၀)ကျော်ရှိပါတယ်

အမေး။             ကာကွယ်ဆေးထိုးဖို့ကျန်ရှိနေသူများကို ထိုးနှံနိုင်ဖို့ စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများ ကိုသိချင်ပါတယ်။

အဖြေ။             ကာကွယ်ဆေးအချို့ကတော့ ကျွန်တော်တို့ဆီမှာရောက်ရှိနေပါပြီ၊ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက လမ်းညွှန်ထားတဲ့ ဦးတည်အုပ်စုများကို အဓိကထိုးနှံပေးသွားဖို့ ဆောင်ရွက်နေပါတယ်။

အမေး။             အခြားဖြည့်စွက် ပြောကြားလိုမှုရှိပါက ပြောကြားစေလိုပါတယ်။

အဖြေ။             ဒီ ကိုဗစ်-၁၉ ရောဂါဟာ ကျွန်တော်တို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန တစ်ခုတည်း လုပ်ဆောင် လို့မရပါဘူး၊ သက်ဆိုင်ရာဌာနဆိုင်ရာအသီးသီးတို့က ပေါင်းစပ်ဆောင်ရွက်ရသလို ပြည်သူ တစ်ရပ် လုံးကလည်း ပူးပေါင်းဆောင်ရွက်ပေးနိုင်ပါမှသာ ဒီရောဂါဆိုးကြီးကို အမြန်တိုက် ထုတ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အားလုံး ကျန်းမာရေးအသိ၊ သတိ နဲ့ပူးပေါင်းဆောင်ရွက်သွားကြဖို့ တိုက်တွန်းချင်  ပါတယ်။

 

နေမျိုးအောင်၊ ညီနိုင်းထက်