မကွေး ဇူလိုင် ၁၅
မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါပိုး Third Wave တွင် ကူးစက်မှုများ မြင့်မား ကာ ယမန်နေ့ညနေပိုင်း တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ထုတ်ပြန်ချက်များအရ ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာသစ်(၄၈၃)ဦး ထပ်မံကူးစက်ခံရပြီး တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာပေါင်း(၃၂၃၇)ဦး အထိရှိလာကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း ဒီကနေ့မှာ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းအဖြစ် ကူးစက် ပြန့်ပွားမှုက စံချိန်တင် ကိုဗစ်ကူးစက်မှုပါ၊ မလိုအပ်ဘဲ အိမ်ပြင် မထွက်ကြဖို့နဲ့ ထွက်တဲ့အခါမှာလည်း Mask ကို စနစ်တကျ တတ်ဆင်ပြီးမှ သွားလာဖို့ လိုပါမယ်၊ ဒီကနေ့ တိုင်းဒေသကြီးအတွင်းမှာ ကိုစ်-၁၉ ပိုးတွေ့ အတည်ပြု လူနာသစ်(၄၈၃)ဦး ထပ်မံကူးစက်ခံရတာပါ၊ အနံ့ပျောက် လက္ခဏာပြသူတွေ၊ ပိုးတွေ့အတည် ပြုလူနာနဲ့ ထိတွေ့မှုရှိသူတွေ၊ Quarantine Centre များမှ စောင့်ကြည့်လူနာတွေကို (RDT) Test Kit နဲ့ စစ်ဆေးဆောင်ရွက်ခဲ့တာဖြစ်ပါတယ်၊ တွေ့ရှိခဲ့တဲ့ လူနာတွေက ဆင်ပေါင်ဝဲက (၆၂)ဦး၊မကွေးက(၅၃)ဦး၊စလင်းက(၅၀)ဦး၊ ပခုက္ကူ(၃၉)ဦး၊မင်းဘူး(၃၈)ဦး၊သရက်က (၃၂)ဦး၊ ရေစကြို က(၂၉)ဦး၊ ဂန့်ဂေါက(၁၆)ဦး၊မြို့သစ်နဲ့ မင်းလှက(၂၃)ဦးစီ၊ နတ်မောက်က(၂၁)ဦး၊ မြိုင်က(၁၉)ဦး၊ ဆော(၂၇)ဦး၊ပွင့်ဖြူ(၁၅)ဦး၊မင်းတုန်း(၁၄)ဦး၊ ငဖဲ၊ ထီးလင်းနဲ့ ကံမက(၇)ဦးစီနဲ့ ဆိပ်ဖြူက(၁)ဦးတို့ ဖြစ်ပါတယ်၊ တိုင်းဒေသကြီး အတွင်း ကိုဗစ်-၁၉ Third Wave မှာ စတင်တွေ့ရှိခဲ့တဲ့(၂၇-၅-၂၀၂၁) ရက်နေ့မှ ယနေ့အထိ ပိုးတွေ့အတည်ပြု လူနာပေါင်းက (၃၂၃၇)ဦး ထိရှိလာပြီ ဖြစ်တယ်လို့ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြား သည်။
လက်ရှိမှာ မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာပေါင်း(၃၂၃၇)ဦးရှိပြီး၊ ကျန်းမာရေး ပြန်လည်ကောင်းမွန်ကာ ဆေးရုံဆင်းခွင့်ရရှိသူ(၆၅၁)ဦး၊ သေဆုံးသူက(၂၇)ဦးရှိခဲ့ ကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံအသီးသီးတွင် တက်ရောက် ဆေးဝါးကုသမှု ခံယူနေသူ (၂၅၅၉) ဦးရှိ ကြောင်း တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီဌာန မှတ်တမ်းများအရ သိရသည်။
မောင်ညီညာ(မကွေး)