အုတ်ဖိုမြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာများအတွက် အောက်စီဂျင် ပြတ်လပ်မှုမရှိစေရေး ဓမ္မဝိဇယလူမှု ကူညီရေးအသင်းမှ ကူညီဆောင်ရွက်

အုတ်ဖို ဇူလိုင် ၁၅
 
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မြင့်တက်လျက်ရှိ သည့်အတွက် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ များအတွက် အောက်စီဂျင်ပြတ်လပ်မှုမရှိစေရေး ဓမ္မဝိဇယ လူမှုကူညီရေး အသင်းမှ ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
 
အဆိုပါ အသင်းမှ အောက်စီဂျင် အခမဲ့အလှူတော်အဖြစ် ၂၀၁၅ ခုနှစ် မေလ(၁)ရက်နေ့မှ စတင်ကာ ကူညီဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အုတ်ဖိုမြို့တွင် ယခင်က မေတ္တာစွမ်းရည် အောက်ဆီဂျင်အဖွဲ့အဖြစ် ဆေးရုံတက်လူနာများ ကိုသာ ငှားရမ်းပေးနိုင်ခဲ့ရာ အောက်စီဂျင် လိုအပ်သူတိုင်းကို ပေးနိုင်ရမည် ဟူသော ရည်ရွယ်ချက်ဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အောက်စီဂျင် အလှူတော်အဖြစ် သီးခြားရန်ပုံငွေ မရှိပဲ ဓမ္မဝိဇယ အသင်းကြီး၏ ရန်ပုံငွေ အောက်မှ ရရှိသော အလှူငွေများ၊ အောက်စီဂျင်အတွက် သီးသန့်လှူသော အလှူငွေများ၊ အောက်စီဂျင် ရာသက်ပန်အလှူငွေ ထည့်ဝင်သူများ၏ ရန်ပုံငွေ များမှ ရရှိသော အတိုးအညွန့် များဖြင့် အသင်းသူအသင်းသား (၄၀)ကျော်နှင့် အတတ်နိုင်ဆုံး ကြိုးစားကာ ယနေ့အချိန်အထိ အခက်အခဲမရှိ ကူညီလျက်ရှိ ကြောင်း၊ ကိုဗစ်ကာလမတိုင်မီက အောက်စီဂျင် လှောင်အိုးများကို သက်သာသော အဖိုးအခဖြင့် ထပ်မံဝယ်ယူနိုင်ခဲ့သည့်အတွက် ယခုအခါ ကိုဗစ်အတည် ပြု လူနာများအား အောက်စီဂျင် အပြည့်အဝ ပေးထားနိုင်ခဲ့ကြောင်း၊ ယခင်က အောက်စိဂျင်လိုအပ်သမျှ အတက်နိုင်ဆုံး အုတ်ဖိုမြို့နယ်အတွင်း ရပ်ကွက် နှင့် ကျေးရွာများပါ မကျန် လာရောက်ယူသူများကို ကူညီပေးနိုင်ခဲ့ပြီး ယခုအခါ အောက်စီဂျင်လိုအပ်ချက် များပြားလာမှုအပေါ် ကြိုးစားဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တစ်နိုင်တစ်ပိုင် အောက်စီဂျင် ပေးနိုင်သည် အထိ ဆက်လက်ကြိုးစားဆောင်ရွက်လျက်ရှိကြောင်းနှင့် “သေသူတွေလေရှူ ရပ်ပေမဲ့ ရှင်သူတွေ လေရှူမခတ်စေဖို့ အောက်စီဂျင်ကို လှူဒါန်းကြပါစို့” ဟူသော ဆောင်ပုဒ်အတိုင်း ကူညီပေးဆပ်ခွင့် ရသည့် အတွက် အလှူရှင်များနှင့် မိမိတို့အသင်းသူအသင်းသားများပါ ဝမ်းသာပီတိဖြစ်ရပါကြောင်း ဓမ္မဝိဇယ သာရေး နာရေးကူညီမှု အသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်ဇေယျာဝင်းမှ ပြောကြားသည်။
 
အောင်သူ(အုတ်ဖို)