ဝေါ ဇူလိုင် ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များက ယမန်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစစ်ဆေးရေးဂိတ်များ၌ ဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာ၌ မြို့ဝင်၊ မြို့ထွက်နေရာများ၌ ဖွင့်လှစ်ထားသည့် ကျန်းမာရေးစစ်ဆေးရေးဂိတ် များသို့ ဝေါမြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဝင်(၁) ဗိုလ်မှူး မျိုးဝင်းအောင်နှင့် ကော်မတီဝင်များ သွားရောက် စစ်ဆေး ကြည့်ရှုကာ ဂိတ်များအတွင်း တာဝန်ထမ်းဆောင်နေကြသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီဝင်များတွင် ပါဝင်သည့် ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင် များနှင့် တွေ့ဆုံ၍ မြို့နယ်အတွင်းသို့ Stay at Home ဒေသများမှ ဝင်ရောက်လာသည့် မော်တော် ယာဉ်များ၊ စီးနင်းလိုက်ပါကြသည့် ခရီးသည်များအား အထူးကြပ်မတ် စိစစ်စေ လိုကြောင်း၊ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ အထူး ဂရုပြု စစ်ဆေးဆောင်ရွက်စေလိုကြောင်း၊ ဒေသခံများ၊ ပြည်သူများ အနေဖြင့် နေအိမ်ပြင်ပ ထွက်ခွာခွင့်ကတ်ပါရှိမှသာ သွားလာခွင့်ပြုရန်၊ နေအိမ်ပြင်ပ ထွက်ခွာခွင့်ကတ်များ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ စျေးဝယ်ခြင်း၊ ဆေးရုံပြသခြင်း ပြင်ပ ထွက်ခွာခွင့်ကတ် ရယူရေးဒေသခံများ ပညာပေးခြင်း၊ စစ်ဆေးရေးဂိတ်များ၌ တာဝန် ထမ်းဆောင်နေ ကြသည့် ဝန်ထမ်းများ နေရေးထိုင်ရေးကိစ္စများနှင့် ကျန်းမာရေးဆိုင်ရာများ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေးတို့ကို ညှိနှိုင်းဆောင်ရွက်ကြကြောင်း သိရသည်။
အောင်မြတ်လင်း