မြောင်းမြ ဇူလိုင် ၁၄
ဧရာဝတီတိုင်ဒေသကြီး၊ မြောင်းမြခရိုင် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီက Zoom Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ခရိုင်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေးက မြောင်းမြမြို့နယ် အနေဖြင့် ကိုဗစ်-၁၉ရောဂါ ပြန့်ပွားမှု မြင့်တက်လျက်ရှိပြီး အောက်စီဂျင် ကျဆင်းမှုကြောင့် သေဆုံးသူများလည်းရှိနေကြောင်း၊ မြို့တွင်း Positive လူနာများထားရှိရန် တိုးချဲ့ဆောင်များ ပြင်ဆင်ရန်လိုအပ်သလို၊ အောက်စီဂျင်မပြတ်လပ်စေရေးအတွက် အောက်စီဂျင်ရရှိရေးသည် အဓိက အရေးကြီးကြောင်း၊ မြဂုဏ်ခန်းမနှင့် သူနာပြုသင်တန်းကျောင်းရှိ နှင်းဆီဆောင်နှင့် ကံ့ကော်ဆောင်များတွင် Volunteer များလိုအပ်နေသဖြင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီတွင် ပါဝင်သည့် ဌာနများမှ ဝန်ထမ်းအား ပူးပေါင်းဆောင်ရွက် ပေးစေလိုကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။
၎င်းနောက် ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး Dr ထွန်းထွန်းဝင်းက ဆေးရုံတွင် ဆေးကုသမှု ခံယူနေသော ကိုဗစ်-၁၉ လူနာများ၏ အခြေအနေနှင့် ဝန်ထမ်းများ၏ အခြေအနေ၊ လုပ်ငန်းဆောင်ရွက်မှုများကို ဆွေးနွေးတင်ပြခဲ့ပြီး တက်ရောက် လာကြသော ကော်မတီဝင်များက အောက်စီဂျင်ရရှိရေး၊ အလှူငွေရရှိရေးနှင့် Volunteer အဖြစ် ပူပေါင်း ဆောင်ရွက်ရေးအတွက် ဝိုင်းဝန်း ဆွေးနွေးခဲ့ကြသည်။
အဆိုပါ အစည်းအဝေး ဆုံးဖြတ်ချက်အရ မြောင်းမြမြို့တွင် ဇူလိုင် ၁၄ ရက်နေ့ ညနေ(၄)နာရီမှ စကာ Stay at home စည်းကမ်းချက်များအား မလိုက်နာသူများကို နှင်းဆီဆောင်၊ ကံ့ကော်ဆောင်နှင့် မြဂုဏ်ရည်ခန်းမတို့၌ လိုအပ်နေသော Volunteer များအဖြစ် ပါဝင်ဆောင်ရွက်စေမည် ဖြစ်ကြောင်း သိရသည်။
စန္ဒာကြည်(ပြန်/ဆက်)