မယ်စဲ့မြို့နယ်၌ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များအား ပါဆယ်စနစ်ဖြင့် ရောင်းချရေး လိုက်လံအသိပေး

မယ်စဲ့  ဇူလိုင် ၁၄

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၌ ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ် နိုင်စေရန် ရည်ရွယ်၍ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်သန်းနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ယမန်​နေ့က စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များအား ပါဆယ်စနစ်ဖြင်ရောင်းချရေး လိုက်လံအသိပေး ဆောင်ရွက်ခဲ့ကြသည်။

ထို့သို့ ဆောင်ရွက်ရာတွင် မြို့ပေါ်ရပ်ကွက်အတွင်းရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင် များအား ဆိုင်ထိုင်စနစ်ဖြင့် လုံးဝရောင်းချခြင်း မပြုလုပ်ရန်၊ ပါဆယ်စနစ်ဖြင့် ရောင်းချရန်၊ ရောင်းဝယ်သူများနှင့် ထိတွေ့ဆက်ဆံရပါက မျက်နှာအကာ (Face Shield)ကို တပ်ဆင်ရန်၊ ကုန်စုံဆိုင်များနှင့် ဈေးဆိုင်များကိုလည်း လက်ဆေးဆပ်ပြာရည်ထားရှိရန်၊ နှာခေါင်းစည်း (Mask)တပ်ပြီးမှ ဈေးရောင်း၊ဈေးဝယ် နှစ်ဦးနှစ်ဖက်လုံး ရောင်းဝယ်ကြရန်နှင့် မလိုက်နာပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေး ပြောကြားခဲ့ပြီး နှာခေါင်းစည်း (Mask) များကို အခမဲ့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ဝတ်ရည်