ပွင့်ဖြူ ဇူလိုင် ၁၄
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၁ ခုနှစ် ၊ မိုးရာသီ မြစ်/ချောင်း ကမ်းပါးပြိုကျမှု ကာကွယ်ရေးစီမံချက်ဖြင့် ယနေ့နံနက် ၇ နာရီက ပွင့်ဖြူမြို့နယ် သမင်ခြံကျေးရွာရှိ ဒေသခံပြည်သူများ မုန်းချောင်းကမ်းပါးပြိုကျမှုအန္တရာယ်ကင်းဝေးစေရေးအတွက် ဒေသခံပြည်သူ လူထုနှင့် ပူးပေါင်းပြီး မုန်းချောင်းကမ်းပါး တစ်လျှောက် ဗာတီဗာမြက်ပျိုးပင်များ စုပေါင်း စိုက်ပျိုးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြစ်/ချောင်းကမ်းပါးပြိုကျမှုကာကွယ်ရေးစီမံချက်ဖြင့် ဗာတီဗာမြက်များ စိုက်ပျိုးခြင်းကို ယခု ၂၀၂၁ ခုနှစ် ၊ မိုးရာသီတွင် ဗာတီဗာမြက်ပျိုးပင်ပေါင်း ၆၀၀၀ စိုက်ပျိုးရန် လျာထားရှိကြောင်း သိရပြီး ၊ ယနေ့နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်မော် ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့နယ် သမင်ခြံကျေးရွာသို့ သွားရောက်ပြီး မုန်းချောင်းကမ်းပြို ကျမှုအန္တရာယ်ကင်းဝေးစေရေးအတွက် ကျေးရွာနေပြည်သူများနှင့် ပူးပေါင်း၍ ဗာတီဗာ မြက်ပျိုးပင်၂၀၀၀အား မုန်းချောင်းကမ်းပါးတစ်လျှောက် စနစ်တကျ စုပေါင်းစိုက်ပျိုး ဆောင်ရွက် ခဲ့ကြသည်။
ယင်း ဗာတီဗာမြက်စိုက်ပျိုးခြင်းသည် အပင်ပေါက်ပွားမှုအားကောင်းပြီး မြေပြိုကျမှုအား ကာကွယ် ပေးသည့် အတွက် မြစ်/ချောင်း ကမ်းပါးပြို ကျမှုကာကွယ်ရေးစီမံချက်ဖြင့် ၂၀၂၀ ခုနှစ်မှ စတင်ကာ ပွင့်ဖြူမြို့နယ်အတွင်း ဧရာဝတီမြစ်ကမ်းပါးတစ်လျှောက် ကျေးရွာများနှင့် မုန်းချောင်းကမ်းပါး တစ်လျှောက်ကျေးရွာများတွင် ကျေးရွာလူထုနှင့် ပူးပေါင်း အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်သစ်တောဦးစီးမှူး ဦးအောင်မော် ထံက သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )