ပုလဲမြို့၌ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ‌ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ပုလဲ ဩဂုတ် ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌  ယမန်နေ့ မွန်းလွဲ ၁ နာရီက ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ    မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ  ဥက္ကဋ္ဌ  ဦးထွန်းကြည်က  ရပ်ကွက်/ ကျေးရွာ အုပ်စုများ မှာ အသက် ၁၈ နှစ်ပြည့်ပြီး    ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့်  မဲဆန္ဒရှင်စာရင်းများကို ပထမအကြိမ် ကပ်ထား ကြေညာခဲ့ရာ   မဲဆန္ဒရှင်စာရင်းမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ  အမည်စာရင်းကျန်ခဲ့ခြင်း၊ မပါဝင်သင့် သူများ   ပါဝင်နေခြင်း၊ ပါဝင်သော   အချက်အလက်များ  မှားယွင်းနေခြင်းစသည့် လုပ်ငန်းလိုအပ်ချက်များ ရှိနေမည်   ဖြစ်ကြောင်း၊ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာချိန်မှာ တိကျမှန်ကန်ပြည့်စုံသော မဲဆန္ဒရှင်စာရင်းများ ဖြစ်စေရေးအတွက်လည်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက မိမိတို့ တာဝန်ယူထားသော နယ်မြေအလိုက်မှာ ပါဝင်သည့်   ရပ်ကွက်/ကျေးရွာအုပ်စု  ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများနှင့် ပူးပေါင်း၍ စေတနာထား အားထည့် ဆောင်ရွက်ပေးရန်လိုကြောင်း မှာကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ခင်ခင်ဆွေက ဆန္ဒမဲပေးပိုင်ခွင့် ရှိသည့် မဲဆန္ဒရှင်စာရင်းများကို ပထမအကြိမ်ကပ်ထား ကြေညာထားရာ  ဩဂုတ် ၁၁ ရက်နေ့ အထိ မဲဆန္ဒရှင်စာရင်းမှာ မိမိအမည်  မပါဝင်၍  ပုံစံ (၃) ဖြင့်   အမည်ထည့်သွင်းရန်  တောင်းဆို လျှောက်ထားသူ ၂၇၈ ဦး၊  မဲဆန္ဒရှင်စာရင်းမှာ   မပါဝင်သင့်သူများ   ပါဝင်နေ၍  ပုံစံ (၄) ဖြင့် ကန့်ကွက်ထားသူ ၈၀ ဦး၊ မဲဆန္ဒရှင်စာရင်းမှာ  ပါဝင်သောအချက်အလက်များ မှားယွင်းနေ၍  ပုံစံ (၄-ဂ) ဖြင့်  ပြင်ဆင်လွှာတင်သွင်းသူ ၃၈၂ ဦး ရှိကြောင်း ရှင်းလင်း တင်ပြခဲ့သည်။

ထိုနောက်   မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ  အဖွဲ့ဝင်များက ရပ်ကွက်/ကျေးရွာအုပ်စုများ၌  မဲဆန္ဒရှင်စာရင်းများကို   ပထမအကြိမ်  ကပ်ထား ကြေညာထားခြင်းလုပ်ငန်းကို  ကွင်းဆင်းကြည့်ရှု  စစ်ဆေးရာမှာ တွေ့ကြုံရသည့် လုပ်ငန်းလိုအပ်ချက်များနှင့် ဆောင်ရွက်ပေးသင့်သည့် အချက်အလက်များကို  တင်ပြ ဆွေးနွေးရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထွန်းကြည်က ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးမည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းပြောကြားခဲ့သည်။

ပုလဲမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲ အတွက် မဲရုံ ၁၆၁ ရုံ ထားရှိပြီး  မဲဆန္ဒရှင်ပေါင်း ၁၂၀၀၀၀ကျော်  ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

မြင့်သိန်းစိုး(ပြန်/ဆက်)