ကျွန်းလှ ဇူလိုင် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ကျွန်းလှမြိုနယ်တွင် ဆီထွက်သီးနှံအဖြစ်မြေပဲ၊ နှမ်း၊ နေကြာ သီးနှံများစိုက်ပျိုးကြပြီး မြေပဲကိုမိုးမြေပဲနှင့်ဆောင်းမြေပဲဟူ၍ ရာသီအလိုက်စိုက်ပျိုး ကြကြောင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မှသိရသည်။
“မိုးမြေပဲကိုမိုးရွာသွန်းမှုအပါ် မူတည်ပြီးဇွန်လဆန်းမှစတင်၍ နှစ်စဉ်စိုက်ပျိုးပါတယ်။ တစ်ဧကမျိုး စေ့တစ်တင်းခွဲစိုက်ပျိုးပြီး မျိုးတစ်တင်းငွေကျပ်(၄၀၀၀၀)ပေးရပါတယ်။ မျိုးဖိုး၊ ထွန်ယက်ခ၊လုပ်အားခ၊ဆေးဖိုးနှင့်မြေဩဇာဖိုး ငွေကျပ်(၃) သိန်းကျော်ကုန်ကျပါ တယ်။ယခင်နှစ်ကမိုးခေါင်ဒဏ်ကြောင့် အထွက်နှုန်းလျော့ခဲ့ပါတယ်။ ဒီနှစ်တော့မိုးရွာသွန်းမှုကြောင့် မြေပဲ စိုက်ခင်းများ အောင်မြင် နေပါတယ်”ဟု ကြာတကန်ကျေးရွာမြေပဲ စိုက်တောင်သူ ဦးမြသာ ကပြောပြသည်။
ကျွန်းလှမြိုနယ်တွင် ယာမြေဧက(၄၈၀၀၀)ကျော်ရှိပြီး၊ မိုးမြေပဲ(၅၈၂၄)ဧကစိုက်ပျိုးကြောင်း၊ ဒေသခံတောင်သူများ မျိုးကောင်းမျိုးသန့်ဖြန့်ဖြူး နိုင်ရန်မျိုးစေ့ထုတ် စံပြကွက်ဧက(၅၀) စိုက်ပျိုးမည်ဖြစ်ကြောင်း၊ မြေပဲစိုက်ခင်း များတွင်ကျရောက်တတ်သောရွက်လိပ်၊ ရွက်ကပ် ပိုးကာကွယ် ရန်သဘာဝပိုးသတ်ဆေး၊ပိုးနှင်ဆေး၊တမာပိုးသတ်ဆေးအသုံးပြုကြရန်လိုကြောင်း၊ဘက်စုံကာကွယ်ရေးနည်းစနစ်များနှင့်စိုက်ပျိုးရေးဆိုင်ရာနည်းပညာများစိုက်ခင်းများအရောက်တောင်သူပညာပေး ဆောင်ရွက်လျက်ရှိကြောင်း မြိုနယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြင့်မြင့်ရီ ကပြောကြားသည်။
မျိုးဝင်းညို (ကျွန်းလှ)