မင်းဘူး(စကု)ပျံကျဈေးအတွင်း ရောင်းချနေသော စားသောက်ကုန်များတွင် ဖော်မလင်နှင့် ဓာတုဆိုးဆေးများ အလွန်အကျွံသုံးစွဲရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

မင်းဘူး ဇူလိုင် ၁၄

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့ပျံကျဈေးအတွင်း ရောင်းချ နေသော စားသောက်ကုန်များတွင် ဖော်မလင်နှင့် ဓာတုဆိုးဆေးများ အလွန်အကျွံသုံးစွဲရောင်းချနေမှု ရှိ/မရှိ ကို မကွေးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) မှ ဦးဆောင်၍ ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

စကုမြို့ပျံကျဈေးအတွင်း ရောင်းချနေသော ကုန်စုံဆိုင်နှင့် ဈေးဆိုင်များမှ လက်ဖက်၊ အရောင်တင်မှုန့်၊ မြှစ်၊ ပိတ်စွယ်၊ ပဲပြား၊ ဆန်ခေါက်ဆွဲခြောက်၊ ဂျုံကြာဇံ စသည်တို့ကို နမူနာများဝယ်ယူ၍ စားသောက်ကုန်များတွင် ဖော်မလင်နှင့် ဓာတုဆိုးဆေးများ အလွန်အကျွံသုံးစွဲရောင်းချ နေမှု ရှိ/မရှိ ကို Mobile Lab Van စစ်ဆေးရေးယာဉ်ဖြင့် စစ်ဆေးခဲ့ကြသည်။

 

ထိုသို့စစ်ဆေးရာတွင် မကွေးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ လ/ထညွှန်ကြားရေးမှူး ဒေါက်တာ စိုင်းမင်းသူထွန်း ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ ခရိုင်/မြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ စစ်ဆေး ခဲ့ကြပြီး သတ်မှတ်ကုန်စည်များကို စည်းကမ်းချက်များနှင့်အညီ ရောင်းချနိုင်ရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံတစ်ဦးက ပြောသည်။

 

မောင်မောင်(မင်းဘူး)