ရွှေကျင် ဇူလိုင် ၁၄
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားလာသဖြင့် ရွှေကျင်မြို့နယ်အတွင်းသို့ ကူးစက်ပြန့်ပွားမှု မရှိစေရေး ပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် ဇူလိုင် ၁၄ ရက်နေ့မှစ၍ အနောက်ဘက်ကျေးရွာ အုပ်ချုပ်ရေးမှုးရုံးရှေ့တွင် မော်တော်ယာဉ်များ အား ရွှေကျင်မြို့ဝင် ဂိတ်ဖွင့်လှစ်၍ စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ရွှေကျင်မြို့နယ်မော်တော်ယာဉ် ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးဝင်းအောင်နှင့် အဖွဲ့ဝင်များက ရွှေကျင်မြို့နယ်အတွင်းသို့ ဖြတ်သန်းသွားလာနေသော မော်တော်ယာဉ်များအား ကျန်းမာရေးစစ်ဆေးခြင်း ရောဂါပိုးရှိသူများနှင့် ထိတွေ့မှုရှိ မရှိမေးမြန်းခြင်း ခရီးသွားရာဇဝင်မေးမြန်းခြင်း ရွှေကျင်မြို့နယ်အတွင်း ဝင်ရောက်လာသူများအား လာရောက်သည့်ဒေသမှ ကျန်းမာရေးထောက်ခံချက်များ ပါရှိမှု ရှိ မရှိစစ်ဆေးခြင်းလုပ်ငန်းတို့ကို နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရွှေကျင်မြို့နယ်အတွင်းသို့ Stay at Home သတ်မှတ်ထားသည့် အခြားမြို့နယ်များမှ ပြန်လည်ဝင်ရောက်လာသူများ မရှိစေရေး၊ ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်အား မြို့တွင်းသို့ မဝင်ရောက်စေရေး ကုန်ပစ္စည်းများအား အနောက်ဘက်စစ်ဆေးရေးဂိတ်မှသာ မြို့တွင်းသို့ တဆင့်သယ်ယူစေရေးတို့ကို စီစဉ်ထားကြောင်း သံသယဖြစ်ဖွယ်တွေ့ရှိပါက မြို့နယ်ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေးကော်မတီထံသို့ အသိပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရွှေကျင်မြို့နယ် မော်တော်ယာဉ်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးဝင်းအောင်ထံမှ သိရသည်။
ထွန်းထွန်းဇော်