ပေါက်ခေါင်း ဇူလိုင် ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်း မြို့နယ်တွင် ဇူလိုင်လ ၂ ရက် နေ့မှစ၍ ကိုဗစ်- ၁၉ အတည်ပြုလူနာ (၁)ဦး စတင်တွေ့ရှိခဲ့ရာ ယမန်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ (၁၆၁) ဦးအထိ မြင့်တက်လာကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ကိုဗစ်- ၁၉ ရောဂါပိုး တွေ့ရှိခဲ့သူနှင့် ထိစပ်သူများကို ကျန်းမာရေး ဦးစီးဌာနမှ RDT Test Kit ဖြင့် စစ်ဆေးဆောင်ရွက်ခြင်း၊ နှာခေါင်းတို့ပက်၊ အာခေါင်တို့ပက်တို့ ရယူခဲ့ရာ အမျိုးသားဓာတ်ခွဲဌာန၊ ရန်ကုန်သို့ ပေးပို့ စစ်ဆေးခြင်းများ ဆောင်ရွက်ပြီး ရောဂါပိုးတွေ့ရှိ သူများအား မြို့နယ်ပြည်သူ့ ဆေးရုံတွင် (၅၆) ဦး၊ ဓမ္မသော်တိုက်နယ်ဆေးရုံတွင် (၁၂) ဦး၊ တောင်လည် တိုက်နယ်ဆေးရုံတွင် (၁၆) ဦး၊ မြို့နယ် အားကစားခန်းမ ယာယီကုသရေး စင်တာတွင် (၄၂)ဦး၊ အထက အိုးဘိုကုန်းယာယီ ကုသရေးစင်တာတွင် (၂၇)ဦး၊ စုစုပေါင်း ဆေးရုံတက်ရောက်ကုသဆဲလူနာ (၁၅၃)ဦးတို့ကို စောင့်ကြည့်ကုသ ပေးလျက်ရှိကြောင်း၊ ပေါက်ခေါင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံး သူ မရှိသေးကြောင်းနှင့် ကျန်းမာရေး ကောင်းမွန်သဖြင့် ယနေ့ထိ ဆေးရုံမှ ဆင်းခွင့်ရသူ (၈)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
ပေါက်ခေါင်း မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာများအား မြို့နယ်ဆေးရုံ တွင် ကိုဗစ်- ၁၉ ရောဂါပိုး တွေ့ရှိသူနှင့် ထိတွေ့ဆက်စပ်သူများအား Quarantine Centre များတွင် အသွားအလာကန့်သတ် စောင့်ကြည့်ကုသပေး လျက်ရှိကြောင်း၊ ဒေသခံပြည်သူများကိုလည်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် ပြည်သူများ လိုက်နာဆောင်ရွက်ရမည့် အချက်များကို မီးသတ်ဦးစီးဌာနမှ နေ့စဉ် လိုက်လံလှည့်လည်အသိပေးဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။