ဖျာပုံ ဩဂုတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့ ၁၃ လမ်း၊ မြို့ပတ်တာလမ်းရှိ လက်ရှိအသုံးပြုနေသော လိပ်ဥကုန်း မြန်မာသုဿန် မီးသင်္ဂြိုလ် စက်ဘေး၊ မြေကွက်လပ်တွင် မီးသင်္ဂြိုလ်စက် အသစ်ကို ဇူလိုင်လမှ စတင်တည်ဆောက်နေပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါအသစ် ထပ်မံတည်ဆောက်သော မီးသင်္ဂြိုလ်စက်ကို ဒေသဖွံဖြိုးရေးရန်ပုံငွေ ကျပ်သိန်း (၄၀၀)၊ ဖျာပုံ မြို့အလှူရှင်များထည့်ဝင်ငွေ ကျပ်သိန်း (၂၆၀) အပါအဝင် စုစုပေါင်း ငွေကျပ်သိန်း (၆၆ဝ) ဖြင့် ဖျာပုံမြို့နယ် စည်သာယာရေးကော်မတီ၊ ဦးဆောင်ကြီးကြပ်မှုနှင့် စက်မှု ရှေ့ဆောင် ကုမ္ပဏီမှတာဝန်ယူ တည်ဆောက်နေပြီ ဖြစ်သည်။
ယခု အသုံးပြုနေသော မီးသင်္ဂြိုလ်စက် အဟောင်းမှာ စပါးခွံအသုံးပြု မီးသင်္ဂြိုလ်ခြင်းဖြစ်ပြီး ခေါင်းတိုင် အကျယ်နှင့် အမြင့်လိုအပ် ချက်ကြောင့် တစ်ခါတရံ ပတ်ဝန်းကျင်ရှိ ပြည်သူများ ညှော်နံ့နံခြင်းများ ရှိနေသော်လည်း၊ မီးသင်္ဂြိုလ်စက် အသစ်တည် ဆောက်ပြီးစီးပါက၊ မီးသင်္ဂြိုလ်ချိန် မြန်ဆန်ပြီး၊ ပတ်ဝန်းကျင်ရှိ ပြည်သူများ ညှော်နံ့များရှူရှိုက်ရခြင်းများ ဖြစ်ပေါ်ခြင်းကြောင့် မီးသင်္ဂြိုလ်စက် အသစ်ကို အဆောက်အဦးအကျယ်အဝန်းမှာ အလျားပေ (၃၀)၊ အနံပေ (၃၀)၊ အမြင့်(၁၂) ရှိပြီး၊ ခေါင်းတိုင် အမျိုးအစားမှာ၊ အုတ်၊ စတီးပိုက် ဖြစ်ပြီး ခေါင်းတိုင်အမြင့်မှာ၊ အောက်ခြေ အုတ်(၅၀)ပေ၊ စတီးပိုက် ပေ(၂၀)နှင့် အချင်း (၂)ပေ ၊စုစုပေါင်းခေါင်းတိုင် အမြင့် ပေ(၇၀) ရှိ (Steel Structure) အဆောက်အဦးကို တည်ဆောက်ပြီး၊ ဒီဇယ်အသုံးပြု မီးရှို့စက်စနစ် (Burner) ဖြစ်ကြောင်းသိရသည်။
မီးသင်္ဂြိုလ်စက် အသစ်ဆောက်လုပ်ပြီးစီးသွားပါက အဟောင်း မီးသင်္ဂြိုလ်စက်နှင့် ဆက်သွယ်ရန် အမိုးပါ လျှောက်လမ်း တည်ဆောက်ပြီး နာရေးအတွက် လူသေ (Dead Boddy) ထားရှိရန် အခက်အခဲရှိသည့် ပြည်သူများ အဆင်ပြေစေရန်အတွက် အဟောင်းမီးသင်္ဂြိုလ်စက်အား အအေးတိုက်အဖြစ် ပြောင်းလဲအသုံးပြု ရန်ရည်ရွယ်ထားပြီး၊ အလျားပေ(၆၀)၊ အနံ ပေ(၃၀) အတိုင်းအတာရှိ သရဏဂုံတင်မည့် တရားနာ ဇရပ်အသစ် ထပ်မံတည်ဆောက် သွားရန်စီစဉ်ထားရှိကြောင်း ဖျာပုံမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးမှ သိရသည်။
အောင်ဝင်းနိုင် (ခရိုင်ပြန်/ဆက်)