မော်လမြိုင်ကျွန်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကျင်းပ

မော်လမြိုင်ကျွန်း ဇူလိုင် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် စစ်ဗျူဟာ(၁) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ထွဋ်ခေါင်နှင့် မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံ‌၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မော်ဧရာ ခန်းမ၌ ကျင်းပသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ဗိုလ်မှူးကြီးထွဋ်ခေါင်က မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ရောဂါကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများတွင် စနစ်တကျ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ မြို့နယ်အတွက် လိုအပ်သော အောက်စီဂျင်လိုအပ်ချက် ဖြည့်တင်းနိုင်ရေး စီမံဆောင်ရွက်ရန်ပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟဇော်မှ မြို့နယ်တွင် ယနေ့အချိန်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၁၁ ဦး၊ ကုသဆဲလူနာ ၁၀၈ ဦးရှိကာ မြို့နယ်ကုတင် ၁၀၀ ဆေးရုံကြီးနှင့် ကုတင် ၅၀ ဆေးရုံတွင် ကြည့်ရှုစောင့်ရှောက် ကုသပေးထားပြီး သေဆုံးလူနာ ၃ ဦးရှိပါကြောင်း တင်ပြ‌ ဆွေးနွေးသည်။

ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးမင်းဇော် က မြို့နယ်အတွင်းရှိ အတည်ပြု လူနာများအား ကုတင် ၁၀၀ ဆေးရုံကြီးတွင် ထားရှိသည့်အပြင် အရန်ဆေးရုံအဖြစ် ကုတင် ၅၀ ဆေးရုံ၊ ၁၆ ကုတင်ဆံ့ တိုင်းရင်းဆေးတို့အား ပြင်ဆင်ထားရှိပြီး Quarantine Centre အဖြစ် မြို့နယ်အားကစားခန်းမနှင့် ဒေါ်မေမေစိန် ခန်းမများအား အဆင်သင့် ပြင်ဆင် ဆောင်ရွက်ထားရှိပြီး ဖြစ်ပါကြောင်း၊ မြို့နယ်ဆေးရုံအုပ်ကြီး‌ ဒေါက်တာစန်းဝင်းက ကိုဗစ်ရောဂါ ဝေဒနာရှင်များအား ကျန်းမာရေး ပြုစုစောင့်ရှောက်မှုပေးထားပြီး ကျန်းမာစွာရှိပါကြောင်း တင်ပြဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာကြသူများမှ ဘဏ္ဍာရေးရရှိ/သုံးစွဲမှု အခြေအနေနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ တင်ပြဆွေးနွေးခဲ့ပြီး ဗိုလ်မှူးကြီး ထွဋ်ခေါင်ကလိုအပ်သည်များ ပြန်လည်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

အောင်အောင်