ကျောက်တံခါးမြို့နယ်အတွင်းရှိ စျေးများ နံနက် ၆ နာရီမှ နံနက် ၁၀ နာရီအထိသာ ရောင်းချရန် ဒေသန္တရအမိန့်များ ထုတ်ပြန်ကြေညာ

ကျောက်တံခါး ဇူလိုင် ၁၃
 
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်အား Stay at Home မြို့နယ်အဖြစ် သတ်မှတ် ကြေညာခဲ့၍ ယမန်နေ့မှစတင်ကာ ကျောက်တံခါး၊ ဖဒို၊ ပဲနွယ်ကုန်း၊ တောကျွဲအင်း(ခ) အောင်မြင်မြို့ များရှိ စည်ပင်သာယာရေး အဖွဲ့ပိုင်စျေးများအား နေ့စဉ် နံနက် ၆ နာရီမှ နံနက် ၁၀ နာရီအထိသာ ရောင်းချ ခွင့်ပြုကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးမှ ဒေသန္တရအမိန့်ပြန်ချက် အရ သိရသည်။
 
ထိုသို့စျေးအတွင်း ရောင်းချရာတွင် အခြေခံစားသောက်ကုန်၊ ကုန်စိမ်း၊ ကုန်ခြောက်၊ သားငါးဆိုင်နှင့် ဆေးဝါးအရောင်းဆိုင်များမှ လွဲ၍ အခြား လူသုံးကုန်ဆိုင်များ အလှကုန်ဆိုင်များ ရွှေဆိုင်များ အထည် အလိပ်ဆိုင်များ အစရှိသည့် ဆိုင်များသည် ယမန်နေ့မှစ၍ အဖွဲ့၏ ညွှန်ကြားချက် တစ်စုံတစ်ရာ မရရှိမီ အချိန်အထိ ယာယီပိတ်သိမ်းထားကြောင်းနှင့် စျေးရောင်း၊ စျေးဝယ်သူ များအနေဖြင့် နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်သွားလာကြရန် အဆိုပါ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြ ကြေညာထားသည်။
 
ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့လာမှုများမှာ တစ်နေ့ ထက်တစ်နေ့ ပိုမို များပြားလာ၍ မိမိနေအိမ်အတွင်းသာ နေထိုင်ကြ ရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်း ချက်များအတိုင်း လိုက်နာဆောင်ရွက်သွားလာကြရန်နှင့် ဒေသန္တရအမိန့် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်မှုကော်မတီက ထုတ်ပြန်ကြေညာ ထားကြောင်း သိရသည်။
 
စန်းစန်း