ကောလင်း ဇူလိုင် ၁၃
စစ်ကိုင်းတိုင်းဒေသကြီး ၊ ဝန်းသိုမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများသည် နန်းလိုင် လွှဲဆည်ရေနှင့် ဒေါင်းမြူးချောင်းရေတို့ကို အကျိုးရှိစွာအသုံးချပြီး စိုက်ပျိုးရေးလုပ်ငန်းကို (နွေ ၊ မိုး ၊ ဆောင်း ) သုံးရာသီ စီးပွားဖြစ်စိုက်ပျိုး လုပ်ကိုင်ကြပြီး ယခုနှစ်တွင်လည်း ဖူးစားပြောင်း များကို စီးပွားဖြစ် အားထားစိုက်ပျိုးလုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ဈေးကောင်း ရရှိရန် မျှော်လင့် လျက်ရှိနေကြကြောင်း ဝန်းသိုမြို့နယ်၊ ကျိုင်းခွင်ကျေးရွာရှိ ဖူးစားပြောင်း စိုက်ပျိုးတောင်သူများထံမှ သိရသည်။
“ကျွန်တော်တို့ ဒေသက စိုက်ပျိုးရေဖူလုံတဲ့အတွက် ဒေသခံတောင်သူများဟာ စိုက်ပျိုးရေး လုပ်ငန်းကို (နွေ ၊ မိုး ၊ ဆောင်း ) သုံးရာသီ စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ သီးနှံများစိုက်ပျိုး ရာတွင် ဖူးစားပြောင်းဖြစ်တဲ့ ရွှေဇီးကွက်နှင့် Golden တံဆိပ်အမျိုးအစားကို ရွေးချယ် စိုက်ပျိုးကြပြီး တစ်နှစ်ပတ်လုံး စိုက်ပျိုးကြပါတယ်။ တောင်သူ အများစုကတော့ ဖူးစားပြောင်း ၊ ငရုတ် ၊ ကြက်သွန် ၊ ခရမ်းချဉ် ၊ အခြား ဟင်းသီး ဟင်းရွက်သီးနှံစားပင်များကို စီးပွားဖြစ် စိုက်ပျိုးကြပါတယ်။ ယခုနှစ် မိုးရာသီမှာလည်း ဖူးစားပြောင်းကို တောင်သူများ အားထား စိုက်ပျိုးကြပါတယ်။ ပြီးခဲ့တဲ့နှစ်တွေကတော့ ဖူးစားပြောင်း တစ်ဖူးကို လက်လီဈေး ငွေကျပ် ၂၀၀ နှုန်း ရောင်းချရပြီး ဖောက်သည်ဈေးက တစ်ဖူးကို ငွေကျပ် ၁၅၀ နှုန်း ရောင်းချရပါတယ်။ ဒီနှစ်မှာလည်း ဖူးစားပြောင်းပေါ်ချိန် တောင်သူတွေအနေနဲ့ ဈေးကောင်းရရှိရေးအတွက် မျှော်လင့်နေကြပါတယ်” ဟု ဝန်းသိုမြို့နယ် ကျိုင်းခွင်ကျေးရွာမှ ဖူးစားပြောင်း စိုက်ပျိုးသူ တစ်ဦးက ပြောပြသည်။
ဝန်းသိုမြို့နယ် အတွင်းရှိကျေးလက်နေပြည်သူများသည် သီးနှံများစိုက်ပျိုးရာတွင် မိသားစု ဝင်ငွေ တိုးပွားရေးအတွက် ဈေးကွက်ကောင်းသော သီးနှံများနှင့် နေ့စဉ်ဝင်ငွေတိုးပွားသည့် ဟင်းသီးဟင်းရွက်သီးနှံမျိုးစုံကို ရွေးချယ် စိုက်ပျိုးလုပ်ကိုင်လာကြကြောင်း၊ သီးနှံစိုက်ခင်းများမှ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
မြင့်ထွန်းမင်း(ကောလင်း)