ဝန်းသိုမြို့နယ်တွင် (SRI )ပျိုးသက်နု ကောက်ကွက်ကြဲ စိုက်ပျိုးနည်းစနစ်ဖြင့် ၁၀ဧက စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိ

 

 

ဝန်းသို ဇူလိုင် ၁၃

 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်အတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေ ရေး၊ မျိုးသန့်မျိုးပွားလယ်ဧကများရရှိစေရေး၊ ရာသီဉတုနှင့်လိုက်လျောညီထွေမှုရှိပြီး စပါးအစေ့ အဆံများ အောင်မြင်ဖြစ်ထွန်းစေနိုင်သည့် ပျိုးသက်နုကောက်ကွက်ကြဲ (SRI) စိုက်ပျိုးနည်းစနစ်ဖြင့် မိုးစပါးပျိုးထောင် စိုက်ပျိုးခြင်းကို လယ် ၁၀ ဧကတွင်  စိုက်ပျိုးထုတ်လုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးထံမှ သိရသည်။

 

 

“အခု တောင်သူ ဦးစောဖေရဲ့လယ်မြေမှာ (SRI)စိုက်ပျိုးနည်းနဲ့ မှော်ဘီ(၂) RS အဆင့်ရှိတဲ့မျိုးကို ကျွန်တော်တို့မျိုးသန့်မျိုးပွားဧကလည်းရရှိအောင်ဆိုပြီးတော့ တစ်ဧကအတွက် လက်တွေ့ ပျိုးထောင်စိုက်ပျိုး နေတာဖြစ်ပါတယ်၊ ကျွန်တော်တို့ဝန်းသို့မြို့နယ်အနေနဲ့ဆိုရင် ကျေးရွာအုပ်စု ၅အုပ်စုမှာ တောင်သူငါးဦး ကို အခြေခံပြီးတော့(SRI) ပျိုးသက်နုကောက်ကွက်ကြဲ စိုက်ပျိုးနည်း စနစ်နဲ့ ၁၀ဧကတိတိ စိုက်ပျိုးထုတ်လုပ်ဖို့ ကျွန်တော်တို့ တောင်သူတွေနဲ့စည်းရုံးပြီးဖြစ်ပါတယ်၊ တစ်ချို့ဆိုလည်း လက်တွေ့ပျိုးထောင်ပြီးဖြစ်ပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးတင့်ဆွေ က ပြောသည်။

 

 

ဝန်းသိုမြို့နယ်အတွင်း ၂၀၂၁ခုနှစ် မိုးစပါးစိုက်ဧက ၃၈၉၈၉ ဧက စိုက်ပျိုးထုတ်လုပ်ရန် လျာထားလျက် ရှိပြီး GAP စိုက်ပျိုးနည်းစဖြင့် စံပြကွက် ဧက ၄၀၊ မျိုးထုတ်ကွက်အနေဖြင့် ၃၅ ဧက၊ (SRI) စိုက်ပျိုးနည်း စနစ် ဖြင့် ၁၀ ဧကတို့ကို စိုက်ပျိုးထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ကျော်မြိုင်