မြစိမ်းရောင်ကျေးရွာစီမံကိန်းမှ ဆဋ္ဌမအကြိမ် ချေးငွေထုတ်ပေး

အုတ်တွင်း ဇူလိုင် ၁၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ စတင်အ​​ကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အုတ်ဖို(မြောက်) မြစိမ်းရောင်ကျေးရွာ စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ ဆဋ္ဌမအကြိမ်မြောက် ထုတ်ချေးပေးမှုကို မြို့နယ်ဦးစီးမှူး ဒေါ်စုနွယ်ဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ကော်မတီဝင်များက ယမန်နေ့ မွန်းလွဲပိုင်းက ကျေးရွာကော်မတီဥက္ကဋ္ဌ နေအိမ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အုတ်ဖို(မြောက်) မြစိမ်းရောင်ကျေးရွာစီမံကိန်းမှ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်းများအတွက် အသင်းသား(၆၈)ဦး၊ ချေးငွေကျပ်(၃၉၀)သိန်း လျာထား ဆောင်ရွက်ခဲ့ရာ ယမန်နေ့က အသင်းသား(၄၃)ဦးကို ချေးငွေကျပ် ၁၉၉ သိန်းအား ပထမအသုတ် ထုတ်ချေးပေးခဲ့ပြီး ကျန်အသင်းသား(၂၅)ဦးကို ချေးငွေကျပ်(၂၀၀)သိန်းအား ဇူလိုင်လတတိယ အပတ် တွင် ဒုတိယအသုတ် ထပ်မံထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြစိမ်းရောင်ကျေးရွာ စီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးခြင်းဖြင့် ကျေးလက်နေ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုတိုးတက်လာပြီး ဝင်ငွေများ တိုးပွားစေရန် ရည်ရွယ် လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ခင်ခင်မာ