ပေါင်းတည်မြို့နယ်ရှိ မြို့မဈေးနှင့် ဈေးပတ်လည်ရှိ ဆိုင်ခန်းများအား ယာယီ (၁၄)ရက် ခေတ္တပိတ်ထား

ပေါင်းတည် ဇူလိုင် ၁၃
 
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် စည်ပင်သာယာဈေးအဖွဲ့ ပိုင်ဈေး(၁) ရပ်ကွက်ရှိ မြို့မဈေးအား ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် နံနက် ၇ နာရီမှ နေ့လယ် ၂ နာရီအထိ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့် အညီ ဖွင့်လှစ်ရောင်းချခွင့်ပြုခဲ့ သော်လည်း မြို့မဈေးတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ တွေ့ရှိသည့် အတွက် မြို့မဈေးနှင့် ဈေးပတ်လည်ရှိ ဆိုင်ခန်းများအား ဇူလိုင်လ ၁၂ ရက်နေ့မှ ၂၅ ရက်နေ့အထိ ယာယီ (၁၄)ရက် ခေတ္တပိတ်ထားကြောင်း သိရ သည်။
 
မြို့မဈေးအား ယာယီ (၁၄)ရက် ပိတ်ထားသည့် အချိန်ကာလအတွင်း ဈေးဝန်းအတွင်း ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ပြီး စားသောက်ကုန်ဖြစ်သော ဟင်းသီးဟင်းရွက်နှင့် အသား၊ ငါးဈေးသည်များ အား ဈေး(၂)ရပ်ကွက်၊ (၃)လမ်း (ဘူတာရုံဘေး)ယာယီ ပျံကျဈေးတွင် ရောင်းချရန်အတွက် နေရာစီစဉ်ချထားပေးမည် ဖြစ်ကြောင်းနှင့် မြို့မဈေးရုံ အတွင်းရှိ ဈေးသည်များမှ မိမိတို့ကုန်ပစ္စည်းများအား ပြန်လည် သယ်ယူလိုပါ က သက်ဆိုင်ရာ ဈေးတာဝန်ခံနှင့် ဈေးအကျိုးတော်ဆောင်တို့ထံ ဆက်သွယ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
 
ချစ်နှင်းသုန်