ပေါင်းတည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများနှင့် ထိတွေ့ခဲ့သူများ စနစ်တကျထားရှိနိုင်ရန် Quarantine Centre ပြင်ဆင်ခြင်းများ ပြုလုပ်

ပေါင်းတည် ဇူလိုင် ၁၃
 
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုမှ ကာကွယ်နိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ များနှင့် ထိတွေ့ခဲ့သူများအား စနစ်တကျထားရှိနိုင်ရန် Quarantine Centre ပြင်ဆင်ခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦး၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်းကာ ပေါင်းတည် မြို့နယ်၊ ဈေး(၁) ရပ်ကွက်၊ ရန်ကုန်-ပြည်လမ်းရှိ မြို့နယ် အားကစားခန်းမအား သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ အိပ်ယာကုတင်များ ပြင်ဆင် ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
 
အဆိုပါ Quarantine Centre တွင် စုစုပေါင်း(၁၀၈)ဦး ထားရှိနိုင်မည်ဖြစ်ပြီး Stay at Home မြို့နယ်များမှ ပြန်လာသူများ၊ ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သူများ အား စောင့်ကြည့်နိုင်ရေး အတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
 
ပြည်သူများအနေဖြင့် မိမိပတ်ဝန်း ကျင်တွင် တစ်ခြားတိုင်းပြည်များ၊ Stay at home မြို့နယ်များမှ ပြန်လာသူများ၊ ကိုဗစ်-၁၉ ရောဂါ သံသယလူနာများ ရှိပါက သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ၊ ကျန်းမာရေးဌာနများသို့ သတင်း ပေးပို့ပေးကြရန်နှင့် ကိုဗစ်-၁၉ အသိပညာပေးလုပ်ငန်းများကို နေ့စဉ်အသံချဲ့ စက်ဖြင့် စဉ်ဆက်မပြတ် နှိုးဆော်လျက်ရှိကြောင်း သိရှိရသည်။
 
ချစ်နှင်းသုန်