မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသူ လူနာသစ်(၂၄၁)ဦးရှိ

မကွေး  ဇူလိုင်  ၁၃

 

မကွေးတိုင်းဒေသကြီးအတွင်း  ကိုဗစ်-၁၉ ရောဂါပိုး Third Wave တွင် ကူးစက်မှုများ မြင့်မား လျက်ရှိပြီး ယမန်နေ့  ညနေပိုင်း တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ထုတ်ပြန်ချက်များအရ ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာသစ်(၂၄၁)ဦး ထပ်မံကူးစက်ခံရပြီး တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာပေါင်း(၂၅၄၁)ဦး အထိရှိလာ ကြောင်း သိရသည်။

 

 

မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းအဖြစ် ကူးစက်ပြန့်ပွားနှုန်းက မြင့်မားနေသလို သေဆုံးသူများကလည်း သွေးတွင်းအောက်စီဂျင်ကျဆင်းလို့ သေဆုံးခဲရသူများ ပါတယ်၊  ဒီကနေ့ တိုင်းဒေသကြီးအတွင်းမှာ ကိုစ်-၁၉ ပိုးတွေ့ အတည်ပြု လူနာသစ်(၂၄၁)ဦး ထပ်မံ ကူးစက်ခံရတာပါ၊ အနံ့ပျောက် လက္ခဏာပြသူတွေ၊ ပိုးတွေ့အတည် ပြုလူနာနဲ့ ထိတွေ့မှုရှိသူတွေ၊ စောင့်ကြည့်လူနာတွေကို သက်ဆိုင်ရာ ကျန်းမာရေး စင်တာများမှာ (RDT) Test Kit နဲ့ စစ်ဆေး ဆောင်ရွက် ခဲ့တာဖြစ်ပါတယ်၊ တွေ့ရှိခဲ့တဲ့ လူနာတွေက မကွေးက(၅၅)ဦး၊ ဂန့်ဂေါက (၅၃)ဦး၊ မင်းဘူး က(၃၉)ဦး၊မင်းလှ(၂၇)ဦး၊ငဖဲက(၁၃)ဦး၊နတ်မောက်နဲ့ မြိုင်က(၁၀)ဦးစီ၊ တောင်တွင်း ကြီးက(၉)ဦး၊ မင်းတုန်းက(၆)ဦး၊ မြို့သစ်နဲ့ ဆောက(၅)ဦးစီ၊ ဆင်ပေါင်ဝဲနဲ့ ဆိပ်ဖြူက(၃)ဦးစီနဲ့  ပေါက် က(၁)ဦးတို့ ဖြစ်ပါတယ်၊  တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ Third Wave မှာ စတင်တွေ့ရှိခဲ့တဲ့(၂၁-၅-၂၀၂၁) ရက်နေ့မှ ယနေ့အထိ ပိုးတွေ့အတည်ပြု လူနာပေါင်းက (၂၅၄၁)ဦး ထိရှိလာပြီ ဖြစ်တယ်လို့ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြား သည်။

 

 

မကွေးတိုင်းဒေသကြီးအတွင်း လက်ရှိအခြေအနေမှာ ပိုးတွေအတည်ပြုလူနာပေါင်း(၂၅၄၁)ဦး ရှိပြီး၊ ကျန်းမာရေး ပြန်လည်ကောင်းမွန်ကာ ဆေးရုံဆင်းခွင့်ရရှိသူ(၁၆၅)ဦး၊ သေဆုံးသူက(၂၇)ဦးရှိခဲ့ ကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံအသီးသီးတွင် တက်ရောက် ဆေးဝါးကုသမှု ခံယူနေသူ (၂၃၄၉) ဦးရှိကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီဌာန မှတ်တမ်းများအရ သိရသည်။

 

မောင်ညီညာ(မကွေး)