ဝေါမြို့နယ် သူရဲသမိန်ကျေးရွာ မီးလင်းရေးအတွက်မြို့နယ် မီးလင်းရေးကြီးကြပ်မှုကော်မတီ အစည်းအဝေး ကျင်းပ

ဝေါ ဩဂုတ် ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် သူရဲသမိန်ကျေးရွာ မီးလင်းရေးအတွက် မြို့နယ် မီးလင်းရေး ကြီးကြပ်မှု ကော်မတီ အစည်းအဝေးကို  ယမန်နေ့ ညနေပိုင်းတွင် မြို့နယ်  အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

သူရဲသမိန်ကျေးရွာ မီးလင်းရေးအတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွေး၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်‌ ဒေါ်ရီရီထိုက်၊ ဝေါမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေဇော်အောင်၊ မြို့နယ် လျှပ်စစ် ဦးစီးမှူး ဦးသက်နိုင်ဦး၊  မြို့နယ် မီးလင်းရေး ကြီးကြပ်မှုကော်မတီအဖွဲ့ ဝင်များသူရဲသမိန် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမိုးကြည်စိုးနှင့် ကျေးရွာ မီးလင်းရေး ကော်မတီအဖွဲ့၊ ကျေးရွာ ရပ်မိ/ရပ်ဖများ တက်ရောက်ပြီး မီးလင်းရေး လုပ်ငန်းစဉ်များအား ညှိနှိုင်းဆွေးနွေးခဲ့‌ ကြောင်းသိရသည်။

ဝေါမြို့နယ် သူရဲသမိန်ကျေးရွာ လျှပ်စစ်မီးလင်းရေးအတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ NEP စီမံကိန်း ထောက်ပံ့ငွေ နှင့် ကျေးရွာလူထုမှရွာတွင်း စုပေါင်းအားဖြင့် ပူးပေါင်း၍  200 KVA ထရန်စဖော်မာ (၄)လုံးဖြင့် ဝေါမြို့နယ်မြစ်ကျိုးလျှပ်စစ်ဓာတ်အားခွဲရုံမှ လျှပ်စစ်ဓာတ်အား ရယူကာ သူရဲသမိန် ကျေးရွာရှိ အိမ်ထောင်စု (၁၅၀၀) ကျော်နှင့်လူဦးရေ(၁၀၀၀၀) ကျော်ခန့်တို့အား လျှပ်စစ်မီးများ ပေးဝေနိုင်မည်ဖြစ်ပြီးသူရဲသူမိန်ကျေးရွာ မီးရရှိပါက ကျေးရွာနှင့် ထိစပ်လျှက်ရှိသော စက်စု ကျေးရွာ၊ အလားတူ ကျန် ကျေးရွာများကိုလည်း လျှပ်စစ်မီး ရရှိ‌နိုင်တော့မည် ဖြစ်ကာ လျှပ်စစ်မီး ရရှိပါက ဒေသခံပြည်သူများ၏ ပညာရေး၊ကျန်းမာရေးနှင့်‌‌ ကျေးလက်ဒေသတွင်း လူ‌နေမှုဘဝ ပိုမို ဖွံ့ဖြိုး တိုးတက် လာတော့မည်ဖြစ်ကြောင်း သိရသည်။

‌အောင်မြတ်လင်း (ပြန်/ဆက်)