ချောင်းသာ ဇူလိုင် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ရှိ တိုက်နယ်ပြည်သူ့ဆေးရုံနှင့် ရွာမဘုန်းတော်ကြီး ကျောင်းတိုက် ဓမ္မာရုံတို့တွင် ဆေးကုသမှုခံယူနေသော ပိုးတွေ့အတည်ပြု လူနာများအတွက် ယမန်နေ့ နံနက်ပိုင်းက အလှူရှင်များက လာရောက် လှူဒါန်းလျက်ရှိကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် ချောင်းသာမြို့ဒေါနကျောင်းတိုက် ဆရာတော်အရှင်ဝိဝေကမှ ပိုးတွေ့အတည်ပြု လူနာများနှင့် မြို့အဝင်/အထွက် စစ်ဆေးရေးဂိတ်တွင် တာဝန် ထမ်းဆောင်နေသော ဌာနဆိုင်များနှင့် ရပ်/ကျေး အဖွဲ့ဝင်များအတွက် ကြာဇံကြော် အထုပ်(၃၀၀)နှင့် မြို့အုပ်ချုပ်ရေးမှူး ဦးကျော်သူမိသားစုမှ ကြည်ဥအလုံး(၂၀၀) တို့ကို လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
"အခုလိုအလှူရှင်များ လာရောက်လှူဒါန်းပေးတဲ့အတွက် ပိုးတွေ့ဒေသခံလူနာများ အနေနဲ့ စားဝတ်နေရေး အခက်အခဲရှိမှုကြောင့် တစ်နှပ်စာသက်သာ သွားရင်လည်း ဒေသခံပြည်သူတွေရဲ့ စားဝတ်နေရေးကို တဖက်တလမ်းက ထောက်ပံ့တဲ့ အနေအထားနဲ့ ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်၊ ဒေသခံပြည်သူများ၏ လိုအပ်ချက်ကိုလည်း ဖြည့်တင်းပေးရာရောက်ပါတယ်၊ မနက်စာလာရောက်ပို့တဲ့ ပြည်သူများအနေနဲ့လည်း အခက်အခဲတွေ ဖြေလျှော့သွားမှာ ဖြစ်ပါတယ်" ဟု မြို့အုပ်ချုပ်ရေးမှူး ဦးကျော်သူက ပြောပါတယ်။
ချောင်းသာမြို့တွင် ကိုဗစ်-၁၉ရောဂါ တတိယလှိုင်းတွင် ဇူလှိုင်(၁၀)ရက်နေ့ထိ ပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း(၉၈)ဦး တွေ့ရှိခဲ့ပြီး၊ တစ်ဦးသေဆုံးကြောင်း မြို့အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
ချောင်းသာမြို့ရှိ ပိုးတွေ့အည်ပြုလူနာများအတွက် လှူဒါန်းလိုပါက ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်သူ၊ ၀၉-၄၂၀၇၀၂၅၅၄ ထံသို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း သိရသည်။
ချောင်းသာ(ပြန်/ဆက်)