ကန်ကြီးထောင့် ဇူလိုင် ၁၂
ဧရာ၀တီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက မျိုးဗီဇပြောင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် လိုက်နာဆောင်ရွတ်ရမည့် ကာကွယ်ရေး နည်းလမ်းများကို အများပြည်သူသိရှိနိုင်ရန် လိုက်လံအသိပေး နှိုးဆော်ခြင်းကို ယမန်နေ့ည ၇ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါအသိပေး နှိုးဆော်ချက်တွင် ကိုရိုနာဗိုင်းရပ်ရောဂါ မိမိကစကာကွယ်ပါ ဟူသည့် ဆောင်ပုဒ်အတိုင်း နေအိမ်ပြင်ပသို့ထွက်လျှင် မဖြစ်မနေ Mask ကို စနစ်တကျတပ်ဆင်ပါရန်၊ လူအများနှင့် ထိတွေ့ဆက်ဆံရပါက မျက်နှာအကာ face shield ကိုတွဲဘက် အသုံးပြုရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန်၊ လူစုလူဝေးရှိရာဒေသများကို အတတ်နိုင်ဆုံးရှောင်ကြဉ်ရန်၊ လက်ကို စက္ကန့် ၂၀ ခန့် မကြာခဏဆေးရန်၊ အလုံပိတ်ခန်းများ၊ အဲကွန်းခန်းများ သို့သွားရောက်ခြင်း ရှောင်ကြဉ်ရန်၊ အိမ်အပြင်သို့ မဖြစ်မနေထွက်သူများ အနေဖြင့် မိမိနေအိမ်ရှိ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ ဆီးချိုနှလုံးရောဂါရှိသူ မိသားစု၀င်များနှင့် အနီးကပ်နေထိုင်ခြင်းစားသောက်ခြင်းများမှ ရှောင်ကြဉ်ကြရန်၊ Quarantine လုပ်ငန်းစဉ်များတွင် အပြည့်အဝပူးပေါင်း ဆောင်ရွက်ကြရန်၊ စျေးသွားပါက ပါးစပ်နှာခေါင်းစည်းများ တပ်လျက် စျေးရောင်း၊ စျေးဝယ် ဆောင်ရွက်ကြပါရန်၊ ကာကွယ်ဆေးထိုး လုပ်ငန်းများတွင် ပူးပေါင်းပါ၀င်ကြရန်၊ ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနက ထုတ်ပြန်ထားသော လုပ်ငန်း လမ်းညွှန်ချက်များ နှင့်အညီ တိကျစွာလိုက်နာ ဆောင်ရွက်ကြရန်နှင့် ကိုဗစ်-၁၉ရောဂါ လက္ခဏါများ ဖြစ်ပေါ်လာပါက နီးစပ်ရာ ဆေးရုံဆေးခန်းများသို့ အမြန်ဆုံးပြသ၍ ကုသမှု ခံယူကြပါရန် စသည့်အချက်များ ပါ၀င်ကြောင်း သိရသည်။
ဇင်မာ(ကန်ကြီးထောင့်ပြန်/ဆက်)