နတ်တလင်း ဇူလိုင် ၁၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင်ကိုဗစ်- ၁၉ရောဂါ ကူးစက်မှုများတွေ့ရှိလာသဖြင့် ရောဂါကူးစက်မှု မပြန့်ပွားစေရေး နှင့်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် သားငါး၊ ကုန်ခြောက်ဆိုင်များနှင့် ဟင်းသီး ဟင်းရွက်ကုန်စိမ်းသည်များအား ယနေ့နံနက်ပိုင်းမှစတင်၍ နေရာခွဲရောင်းချစေခဲ့ကြောင်းသိရသည်။
နတ်တလင်းမြို့နယ်ကိုဗစ်- ၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေး ကော်မတီ၏ လမ်းညွှန်မှုနှင့်မြို့နယ် စည်ပင် သာယာရေးအဖွဲ့မှမြို့မစျေးကြီး အတွင်းတွင်သားငါး၊ ကုန်ခြောက်စျေးဆိုင်ခန်းများမှလွဲ၍ ကျန်ဟင်းသီး ဟင်းရွက် ကုန်စိမ်းသည်များအား စျေးအပြင်ဘက် တွင်မျက်နှာချင်းဆိုင် စနစ်တကျ ၆ပေ ခြား၍ နှာခေါင်းစည်း(Mask) များစနစ်တကျတပ်ဆင်၍ နံနက်၆နာရီမှ ၁၁နာရီအထိ နေရာခွဲဖွင့်လှစ် ရောင်းချပေးခဲ့ ကြောင်း သိရသည်။
အဆိုပါနေရာခွဲရောင်းချခြင်းနှင့် ပတ်သက်၍ ကိုဗစ်- ၁၉ ရောဂါကူးစက်မှု တတိယလှိုင်းသည် တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ခရိုင်မြို့နယ်များတွင် လျင်မြန်စွာ ကူးစက်ပြန့်နှံ လျက်ရှိပြီး နတ်တလင်းမြို့နယ်တွင် လည်းကူးစက်ခံရသူ တွေရှိလာသဖြင့် ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ရေးအတွက် သီးခြားစီနေရာခွဲ ရောင်းချစေခဲ့ကြောင်း နတ်တလင်းမြို့မစျေးတာဝန်ခံဦးသီဟ ထံမှသိရသည်။
ထားထားဦး