ပုသိမ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက်နံရံကပ်ဘုတ်များတွင် ရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများ ပြသထား

ပုသိမ်    သြဂုတ်    ၁၁

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာ ထားပြီးဖြစ်ရာ ရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများကို ပြည်သူများအလွယ်တကူ လေ့လာ နိုင်ရန် ပုသိမ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့နှင့် စာတိုက်ကုန်း ရှေ့ရှိ မြေစိုက်နံရံကပ် ပြဘုတ်တို့တွင် နံရံကပ်စာစောင်ပြုလုပ်၍ သြဂုတ်လ ၁၁ ရက်နေ့မှ စတင်ကာ ခင်းကျင်းပြသထားသည်။

အဆိုပါ နံရံကပ်စာစောင်တွင် မဲဆန္ဒရှင်စာရင်း ကပ်ထားသည့်နေရာများ၊ သွားရောက်စစ်ဆေးပါ၊ မဲဆန္ဒရှင်စာရင်းနှင့်စပ်လျဉ်း၍ မေးခွန်းနှင့်အဖြေများ၊ မဲဆန္ဒရှင်ပြည်သူများသို့ မေတ္တာရပ်ခံချက် စသည်တို့အပြင် သိသင့်သိထိုက်သည်များကို ဖော်ပြထားပြီး သြဂုတ် ၁၄ ရက်ထိ မဲဆန္ဒရှင်စာရင်း ရက်တိုးပြသထားသည့် ကြေညာချက်နှင့် မဲစာရင်းလာရောက်ကြည့်ရှုနိုင်ရန် ဖိတ်ခေါ်သည့် ထုတ်ပြန်ချက်များ ပြသထားသည်။

ပုသိမ်မြိုတွင် အသက် ၁၈ နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသူ ကျား ၁၁၇၇၃၂ ဦး၊ မ ၁၃၁၂၁၁ ဦး၊ စုစုပေါင်း ၂၄၈၉၄၃ ဦး ရှိကြောင်းနှင့် ရပ်ကွက် ၂၅၊ ကျေးရွာအုပ်စု ၅၃၊ မဲရုံ ၂၀၀ လျာထားကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

မောင်မောင်မြင့်(ပြန်/ဆက်)