မင်းပြား ဇူလိုင် ၁၁
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာန၏ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီက အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းဝင်း၌ စုပေါင်းစိုက်ပျိုး ခဲ့ကြောင်း သိရသည်။
အဆိုပါ ၂၀၂၁ ခုနှစ်၊ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးစိုးမိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်သစ်တော်ဦးစီးမှူး ဦးသိန်းသန်းထိုက်နှင့် သစ်တောဝန်ထမ်းများ၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်သန်းမေနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်သစ်ပင်ချစ်သူ လူငယ်အသင်းတို့က အရိပ်ရ သစ်ပင်များဖြစ်သည့် ကျွန်း(၁၅၀)ပင်၊ မန်ဇန်ရှား (၁၅၀)ပင်၊ မဟော်ဂနီ(၅၀)ပင်၊ ပိတောက် (၅၀)ပင်၊ ရေသဝင်(၅၀)ပင်၊ သပြေပင် (၅၀)ပင် စုစုပေါင်း သစ်ပင် (၅၀၀)ပင်တို့အား စိုက်ပျိုးခဲ့ကြသည်။
ဆက်လက်၍ မင်းပြားမြို့နယ်၌ နှစ်စဉ်သစ်တောဦးစီးဌာနနှင့် မြို့နယ်သစ်ပင်ချစ်သူ လူငယ်များက သစ်ပင်များအား စနစ်တကျ ရှင်သန်အောင် စိုက်ပျိုးခဲ့ရာ ကျွဲ၊ နွားတိရိစ္ဆာန်များ ဖျက်စီးမှုကြောင့် ၈၀ရာခိုင်နှုန်းသာရှိသည့်အတွက် မြို့နယ်သစ်တော ဦးစီးဌာနနှင့် မြို့နယ်သစ်ပင်ချစ် လူငယ်များသာမက ပြည်သူများကပါ ဝိုင်းဝန်းစောင့်ရှောက်ရန် လိုအပ်ကြောင်း ယခုလိုမိုးရာသီတွင် သစ်ပင်များ စိုက်ပျိုးခြင်းဖြင့် နိုင်ငံအဝန်းစိမ်းလန်း စိုပြေရေးနှင့် သဘာဝ ပတ်ဝန်းကျင်ရှိ ရာသီဥတုတိုးတက် ကောင်းမွန်ရေးကို တစ်ဘက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း မြို့နယ်သစ်တော ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)