မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်း (Mask) များ အိမ်တိုင်ရာရောက် အခမဲ့ ဖြန့်ဝေ

မယ်စဲ့ ဇူလိုင်  ၁၁

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကာလ၌ မြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် ရည်ရွယ်၍ လူတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်ရေးလှုပ်ရှားမှုကို ယနေ့နံနက်က ဟိုစဲ့ကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ခြင်းသည် အကောင်းဆုံးနည်းလမ်း ဖြစ်သောကြောင့် မြို့နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်သန်း ဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဘုန်းနိုင်နှင့် ကော်မတီဝင်များ၊ မြို့နယ်ပြည်သူ့ဆေးရုံမှ အထက်တန်းသူနာပြုဆရာမဒေါ်နန်းစောလှနှင့် ဟိုစဲ့ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကျေးလက်နေပြည်သူများအတွင်း ကိုဗစ်-၁၉ နှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာ မြင့်မားစေရန် လူစုလူဝေးကို ဝေးဝေးက ရှောင်ကြဉ်စေခြင်း၊ လူတစ်ဦးချင်းစီ အနည်းဆုံး ခြောက်ပေအကွာမှ ဆက်ဆံခြင်း၊ အပြင်ထွက်တိုင်း ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်ခြင်း၊ လက်များကို ဆပ်ပြာဖြင့် စနစ်တကျ မကြာမကြာ ဆေးကြောခြင်း စသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အသေချာဆုံးနည်းလမ်းများနှင့် ပြည်သူများ ကျင့်သုံးရမည့် လမ်းညွှန်ချက်များကို အသိပညာပေးပြောကြားပြီး နှာခေါင်းစည်းများကို အိမ်တိုင်ရာရောက် လိုက်လံ၍ အခမဲ့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)