ဝန်းသို ဇူလိုင် ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၌ ဇူလိုင် ၁၀ ရက်နေ့က မိုးသည်းထန်စွာရွာသွန်း၍ ကျေးရွာအချို့၌ ရေကြီးရေလျှံမှုဖြစ်ပေါ်၍ သီးနှံစိုက်ခင်းများ နစ်မြုပ်ခဲ့ကြောင်း သိရသည်။
မကျည်းကုန်း၊ ဇီးဖြူပင်၊ ဂွေ့ကြီး၊ လက်ပံကြီးတော၊ အုတ်ဖို၊ သရက်အိုက်၊ ရှမ်းစု၊ စိန်လည်၊ သပြေသာ၊ အောင်းကုန်းစသည့် ကျေးရွာများတွင် ရေးကြီးရေလျှံမှုများဖြစ်ပေါ်ပြီး ဒေါင်းမြူးချောင်း ကို အခြေခံ၍ စိုက်ပျိုးထားရှိသော ငရုတ်စိုက်ခင်း၊ သခွားစိုက်ခင်း ရုံးပတီစိုက်ခင်း၊ ပြောင်းစိုက်ခင်းနှင့် စပါးပျိုးခင်းအချို့ ရေကြီးနစ်မြုပ်ခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ကျေးရွာတွေက ရေကြီးရေလျှံမှု နှစ်စဉ်ဖြစ်ပေါ်ပါတယ်။ ယခင်နှစ်က မိုးဦးစောတော့ ဇွန်လတွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပါတယ်။ ယခုနှစ်ကတော့ မိုးခေါင်တော့ မိုးလယ်ရောက်မှ မိုးရွာသွန်းတဲ့အတွက် ရေကြီးရေလျှံပြီး သီးနှံစိုက်ခင်းအချို့ ပျက်စီးခဲ့ပေမယ့် စပါးစိုက်တောင်သူများ အတွက် စပါးစိုက်ရေများ အလုံအလောက်ရရှိပါတယ်” ဟု အုတ်ဖိုကျေးရွာ တောင်သူတစ်ဦးက ပြောသည်။
ထိုသို့ရေကြီးရေလျှံမှုကြောင့် ငရုတ်စိုက်ခင်းများနှင့်သခွားစိုက်ခင်းများ ပျက်စီးခဲ့ကြောင်း သိရသည်။
မြင့်ထွန်းမင်း(ကောလင်း)