ကျောက်ကြီးမြို့နယ်တွင် စည်ပင်သာယာစျေးအား မြို့နယ်အားကစားကွင်းသို့ ယာယီပြောင်းရွှေ့ ဖွင့်လှစ်

ကျောက်ကြီး ဇူလိုင် ၁၁

 

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်တွင်  ကိုဗစ်−၁၉ရောဂါ ဖြစ်ပွားမှုကို တားဆီးကာကွယ်နိုင်ရေးအတွက် စည်ပင်သာယာရေးစျေးအား ယနေ့နံနက်ပိုင်းတွင် မြို့နယ် အားကစားကွင်း၌ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ကျောက်ကြီးမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ဖြစ်ပွားမှု မြှင့်တက်လာသောကြောင့် ဒေသခံပြည်သူများနှင့် စျေးရောင်းစျေးဝယ်ပြုလုပ်နေသော ပြည်သူများ ကိုဗစ်−၁၉ရောဂါ ကာကွယ်နိုင်ရေးနှင့် ရောဂါဖြစ်ပွားမှုမှ တားဆီးကာကွယ်နိုင်ရန်အတွက် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခွန်ဆန်းမင်းထွန်းနှင့် ဝန်ထမ်းများ၊ စျေးကော်မတီဝင်များမှ မြို့မစျေးအား အားကစားကွင်သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။

စျေးအဝင်ဝတွင် လက်ဆေးဘေစင်ထားရှိခြင်း၊ အပူချိန်တိုင်းပေးခြင်း၊ နှာခေါင်းစည်း Mask တပ်ပြီးမှသာ စျေးအတွင်းသို့ဝင်ရောက်စေခြင်း၊ ယာယီအိမ်သာများ တည်ဆောက်ထားခြင်း၊ စျေးရောင်းချသူများအတွက် နေရာစနစ်တကျ သတ်မှတ်ပေးထားပြီး နံနက် ၆ နာရီမှ နံနက် ၁၁ နာရီအထိသာ ရောင်းချခွင့်ပြုခဲ့သည်။

 

ကျောက်ကြီးမြို့နယ်တွင် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များ ဖွဲ့စည်းကာ   ဆေးဆိုင်များနှင့် စက်သုံးဆီ အရောင်းဆိုင်များမှအပ ကျန်ဆိုင်များအားလုံး ပိတ်သိမ်းထားရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လိုက်လံနှိုးဆော် ဆောင်ရွက်ထားရှိကြောင်း သိရသည်။

 

K ခိုင်ပြန်/ဆက်