မအူပင်မြို့၌ ကိုဗစ်−၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးခြင်းနှင့် ပါးစပ် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ

မအူပင် ဇူလိုင် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး၊ ကူးစက်ပျံ့နှံ့မှုမရှိစေရေးနှင့် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာ သွားလာပါက ပါးစပ်နှာခေါင်းစည်း တပ်ဆင်သွားလာသည့်  အလေ့အကျင့်ဖြစ်စေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၈ နာရီမှစတင်၍ လူစည်ကားရာ ဘုရားလမ်းနှင့် တေဇလမ်းထောင့်၊ ပြုံးချိုလေးစျေးနေရာများတွင် ပါးစပ်နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပါးစပ်နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းကို မအူပင်ခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် အဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် အဖွဲ့ဝင်များ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ မြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုမရှိစေရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာနေထိုင်ကြစေရေး၊ နေအိမ်ပြင်ပသို့ ထွက်ခွာ သွားလာပါက ပါးစပ်နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာကြစေရေး အသိပညာပေး ပြောကြားခဲ့ပြီး ဈေးရောင်း၊ ဈေးဝယ် လာသူများ၊ ခရီးသွား ပြည်သူများနှင့် လမ်းသွားလမ်းလာများအား ပါးစပ်နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခဲ့ခြင်း ဖြစ်ကြောင်း  သိရသည်။

မအူပင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အသိပေး ကြေငြာချက်များကိုလည်း ရပ်ကွက်နှင့် ကျေးရွာများတွင်လည်း ပြည်သူများ သိရှိစေရန် လှည့်လည်ကြေငြာခြင်းများကို ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အောင်ခိုင်(ပြန်/ဆက်)