မုဒုံ ဇူလိုင် ၁၁
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန် ရည်ရွယ်၍ နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၇ နာရီမှစ၍ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများ၌ လူစည်ကားရာနေရာများ၊ စျေးများ၊ လမ်းဆုံလမ်းခွနေရာများတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ နှာခေါင်းစည်းတပ်ဆင်ရေး လှုပ်ရှားမှုကို မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကမာဝက်မြို့ အုပ်ချုပ်ရေးမှူးတို့ ဦးဆောင်၍ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ volunteers များတို့က ပူးပေါင်းကာ တစ်ပြိုင်နက် ကိုဗစ်-၁၉ရောဂါ ကူးစက်မှု မဖြစ်ပွားစေရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသူများ၊ စျေးရောင်း၊ စျေးဝယ်သူများ မဖြစ်မနေ နှာခေါင်းစည်တပ်ဆင်ရေး၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကူးစက်မှုဆိုင်ရာ ညွှန်ကြားချက်များအား တိကျစွာအလေးထား လိုက်နာဆောင်ရွက်ရေးတို့ကို အသိပညာပေး ဟောပြောခဲ့ပြီး နှားခေါင်းစည်း(Mask)အခုရေ (၃၀၀၀၀)ကို ပြည်သူများထံ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)