ကိုဗစ်-၁၉ရောဂါ ဆက်လက်ပြန့်ပွားမှု မရှိစေရေး ချောင်းဆုံမြို့နယ်ရှိ ရပ်ကွက်/ ကျေးရွာများ အားလုံးတွင် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်

ချောင်းဆုံ ဇူလိုင် ၁၁

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိမှုများ ဆက်တိုက် ဖြစ်ပေါ်နေသည့်အတွက် ‌ဒေသခံပြည်သူများ ရောဂါကူးစက်မှု ကင်းဝေးစေရန်  မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ နှင့် ပူးပေါင်းအဖွဲ့များသည် ယမန်နေ့ ညနေပိုင်းက ချောင်းဆုံမြို့ ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ လှည့်လည်၍ ကိုဗစ်ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်သည့် အသိပညာပေးနှိုးဆော်မှုများကို အဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဒေသခံပြည်သူများ အနေဖြင့် လူစုလူဝေးရှိသည့် နေရာများသို့ သွားလာခြင်းမပြုရန်၊ အိမ်အပြင်ထွက်တိုင်း၊ Mask/Face Shield များ စနစ်တကျ တပ်ဆင်သွားရန်၊ လက်ကို မကြာခဏ ဆေးရန်စသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက်နာ ဆောင်ရွက်ရန်လိုကြောင်း ပညာပေးနှိုးဆော်ခြင်းများ ‌ဆောင်ရွက်နေသလို အရေးယူခြင်းများလည်း ဆောင်ရွက်မည် ဖြစ်ကြောင်း ပိုးတွေ့လူနာများအတွက် ကုသဆောင်များကိုလည်း စနစ်တကျ တိုးချဲ့ဆောင်ရွက်ထားကြောင်းနှင့် ဒေသခံများအားလုံးမှ ပူးပေါင်း လိုက်နာပေးဖို့ မေတ္တာရပ်ခံလိုကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင် က ပြောသည်။

ချောင်းဆုံမြို့နယ်အတွင်း ယခုကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုလှိုင်း၌ ဇွန်လ(၄)ရက်နေ့မှ ဇူလိုင်လ(၁၁) ရက်နေ့အထိ Positive ပိုးတွေ့လူနာ(၁၁၃)ဦး ထိရှိလာပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီထံမှ သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)