မောင်တော ဇူလိုင် ၁၁
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပိုးတွေ့ရှိခဲ့သည့် လူနာများနှင့် ထိတွေ့ခဲ့သူများ၊ ဖျားနာ၊ ချောင်းဆိုး၊ အသက်ရှုကြပ်ပြီး မောင်တော ပြည်သူ့ဆေးရုံသို့ လာရောက် ပြသခဲ့သူများအား ယမန်နေ့တွင် Rapid Diagnostic Test (RDT)ဖြင့် စစ်ဆေးခဲ့ရာ စစ်ဆေးသူများ အနက်မှ (၁၈)ဦးမှာ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိခဲ့ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါ ပိုးတွေ့ လူနာများသည် မောင်တောမြို့ပြည်သူ့ဆေးရုံနှင့် ယာယီ ဆေးရုံငယ်တို့ရှိ ကိုဗစ်-၁၉ အတည်ပြု သီးသန့်ဆောင်တို့တွင် ကျန်းမာရေး စောင့်ရှောက်မှု ခံယူလျက်ရှိပြီး ဇူလိုင် ၁၀ ရက်နေ့တွင် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာများအနက်(၉၄)ဦး ဆေးရုံဆင်းခွင့်ရရှိခဲ့ပြီး ကိုဗစ်-၁၉ အတည်ပြု လူနာနှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ယခုအခါ မောင်တောမြို့၌ ၂၀၂၁ ခုနှစ် ဇွန် ၁၀ ရက်နေ့မှ ဇူလိုင် ၁၀ ရက်နေ့ ညနေပိုင်းထိ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း(၃၀၇)ဦးရှိရာ ကိုဗစ်-၁၉ ဓါတ်ခွဲအတည်ပြု လူနာများအနက်(၁၃၆)ဦးမှာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရက်ပြည့်မြောက်ပြီး ရောဂါ လက္ခဏာ ထပ်မံပြသမှုမရှိသဖြင့် ဆေးရုံဆင်းခွင့်ပြုခဲ့ပြီး သေဆုံးသူ(၅)ဦး ရှိကြောင်းနှင့် လက်ရှိ မောင်တောမြို့၌ ဆေးကုသမှုခံယူနေသူ (၁၆၆)ဦးရှိကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)